ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ရခိုင်ခရီးစဉ်စတင်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာဟာ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေ၊ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ တာဝန်ရှိသူတွေနဲ့ ဒီနေ့ တေ့ွဆုံခဲ့ပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာ စစ်တွေမြို့ကို ၂၀၁၉ ဇူလိုင် ၁၀ ရက်နေ့က ရောက်ရှိလာစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီနေ့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာဟာ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေ၊ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ တာဝန်ရှိသူတွေနဲ့ ဒီနေ့ တေ့ွဆုံခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ သုံးရက်ကြာမြင့်မှာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဒေသခံတွေနဲ့တွေ့ဆုံမှာဖြစ်ပြီး ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေကို လေ့လာမှာဖြစ်တယ်လို့ စစ်တွေမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

"ကျွန်မ ဒီမှာရှိတဲ့ကျေးရွာအတော်များများကို သွားရောက်ပြီး ဒေသခံတွေနဲ့ စကားပြောပါမယ်။ လူတိုင်းနဲ့တွေ့ပြီး စကားပြောကြည့်ပါမယ်။ ဒါမှအခြေအနေ ဘယ်လိုဖြစ်နေသလဲဆိုတာ ခြံုံငုံသုံးသပ်နိုင်မှာဖြစ်ပါတယ်"

သူဟာ ဒီနေ့မနက် ၉ နာရီလောက်က စစ်တွေလေဆိပ်ကို ရောက်ရောက်ချင်းမှာပဲ ရခိုင်အမျိုးသား ပါတီ (ANP) ဗဟိုဌာနချုပ်ရုံးကိုသွားရောက်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပါ တယ်။

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်၊ ပါတီရဲ့ပြောခွင့်ရသူ ဒေါ်အေးနုစိန် က အခုလိုပြောပါတယ်။

"အခုလတ်တလော အနေအထားကတော့ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်။ အထူးသဖြင့် မိုးရာသီဆိုတော့ ဒီစစ်ဘေးရှောင်တွေဟာ စခန်းတွေမှာနေရတယ်၊ နောက် ဒီလိုလယ်ယာလုပ်ကိုင် ရမယ့်အချိန်မှာ လယ်မထွန်နိုင်တဲ့အနေအထားကို ရောက်နေတယ်။ ပြီးရင် ကူညီထောက်ပံ့မှုကလည်း နည်းပါးတဲ့အတွက် စားဝတ်နေရေးကအစ တအားကို အခက်အခဲတွေကြုံနေရတယ်။ အထူးသဖြင့် ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ထားတဲ့မြို့နယ်တွေ၊ အင်တာနက်ပိတ်ထားတဲ့မြို့နယ်တွေတောင် မက ဒီလိုမပိတ်ထားတဲ့မြို့နယ်တွေမှာလည်း လွတ်လပ်စွာ နေရာတကာကို သွားလာခွင့်မရအောင်အထိ အခက်အခဲတွေဖြစ်နေကြတယ်ဆိုတဲ့ အနေအထားကို ကျွန်မတို့တင်ပြပါတယ်"

ခရစ်စတင်းဘာဂနာက ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေ၊ ပြည်သူတွေရဲ့ထိခိုက်မှုအခြေအနေ၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအခြေအနေတွေကို အဓိကမေးမြန်းခဲ့တာလို့ဆိုပါတယ်။

လက်ရှိ NLD အစိုးရအနေနဲ့ ရခိုင်ပြည်မြောက်ပိုင်းမှာ ရွေးကောက်ပွဲအနိုင်မရခဲ့တာကြောင့် မြို့နယ် ရှစ်ခုမှာ ရွေးကောက်ပွဲကျင်းပလို့ မရအောင် အင်တာနက်လိုင်းတွေဖြတ်တောက်ပြီး ပဋိပက္ခတွေပိုပြီး ကြီးထွားအောင် လုပ်ဆောင်နေသလို ရခိုင်ပြည်တောင်ပိုင်းဘက်ကို ဖိပြီးစည်းရုံးရေးတွေ ဆင်းနေတဲ့အကြောင်း ANP ပါတီက ထောက်ပြပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ခရစ်စတင်းဘာဂနာအနေနဲ့ သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ပဋိပက္ခ ပြေငြိမ်းရေးအတွက် ရခိုင်ပါတီ၊ အစိုးရ၊ တပ်မတော်အပြင် ရက္ခိုင့်တပ်တော်(AA)နဲ့ပါ တွေ့ဖို့ဆန္ဒရှိပေမယ့် အစိုးရက AA အဖွဲ့နဲ့ တွေ့ဆုံခွင့်မပြုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ပါတီရဲ့ပြောခွင့်ရသူ ဒေါ်အေးနုစိန် က ပြောပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တပ်မတော်နဲ့ ရခိုင်ပြည်နယ်အစိုးရ ပြောရေး ဆိုခွင့်ရှိသူတွေကို RFA က ဒီညနေမှာ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

လက်ရှိ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေအပြင် မွတ်စလင်အရေးကိစ္စတွေ အတွက်ပါ ရခိုင်ပါတီတွေနဲ့ တစ်ကြိမ်တစ်ခါမှ တွေ့ဆုံဆွေးနွေးတာ မရှိသေးပါဘူး။

ဒီအခြေအနေတွေ ANP ပါတီဘက်က ထုတ်ဖော်ပြောဆိုခဲ့ပြီး ခရစ်စတင်းဘာဂနာက ပါတီဘက်က တင်ပြချက်တွေကို အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံရာမှာ ထည့်သွင်းဆွေးနွေးမယ့်အကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ခရစ်စတင်းဘာဂနာဟာ ဆက်လက်ပြီး ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီရဲ့ ဦးဆောင်ကော်မတီဝင်တွေနဲ့ စစ်တွေ ဟိုတယ်မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ ရခိုင်တစ်မျိုးသား လုံးညီညွတ်ရေးကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် ဦးခင်မောင်ကြီးက ရခိုင်ဒေသငြိမ်းချမ်းရေးအတွက် အလုပ်ဖြစ်တဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုနေတဲ့အကြောင်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

"ငြိမ်းချမ်းရေးတစ်ခု ရအောင်အတွက် အစိုးရရော၊ တပ်မတော်ရော ဒီဘက်တွေကအကုန်လုံး တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးညှိနှိုင်းဖြစ်တဲ့အပေါ်မှာပဲ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုဘာညာ ဆိုတာတွေက ဖြစ်လာမယ်။ အဲဒီအနေအထားတွေကို ထောက်ပြပြီး ဆွေးနွေးတာပါ။ တကယ့် တကယ်အလုပ်ဖြစ်အောင်၊ အလုပ်ဖြစ်တဲ့ဆွေးနွေးမှုပေါ့လေနော် အဲဒီအလုပ်ဖြစ်တဲ့ ဆွေးနွေးမှုအခြေအနေတစ်ရပ်ကို မရောက်ဘဲနဲ့တော့ ငြိမ်းချမ်းမှုဆိုတာကလည်း ဖြစ်လာမှာ မဟုတ်ဘူးလေ။ အဲဒီအနေအထားမျိုးက၊ အဲဒီအမြင်မျိုးကနေပြီးတော့ ဆွေးနွေးတာပါ"

ခရစ်စတင်းဘာဂနာဟာ ညနေပိုင်းမှာ စစ်ပွဲတွေကြောင့် မြို့နယ်အချို့က စစ်တွေမြို့ကို ထွက်ပြေး ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ပါ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန်မှာတော့ မြေပုံမြို့ကို သွားရောက်ပြီး မွတ်စလင်ဒုက္ခသည်တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့အပြင် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

လာမယ့် သောကြာနေ့မှာလည်း ရခိုင်ပြည်နယ်အစိုးရနဲ့ ဆက်လက်တွေ့ဆုံမှာဖြစ်သလို စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်စခန်းအချို့ကို သွားရောက်ပြီး သူ့ရဲ့သုံးရက်တာ ရခိုင်ပြည်နယ်ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ရဲ့စာရင်းအချက်အလက်တွေအရ ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်အထိ စစ်ဘေးသင့်ဒုက္ခသည် ငါးသောင်းကျော် ရှိနေပါတယ်။

ခရစ်စတင်းဘာဂနာအနေနဲ့ သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို မြန်မာအစိုးရတာဝန်ရှိသူတွေကို တင်ပြဆွေးနွေးမှာဖြစ်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံကိုလည်း အစီရင်ခံစာတင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org