အကြမ်းဖက်သမားတွေကို အရေးယူရေး ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်ဖို့ မောင်တောမြို့ခံတွေတင်ပြ
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ အစိုးရတို့ ပူးပေါင်းပြီး အရေးယူတိုက်ဖျက်နိုင်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ ကြားဝင်ဆောင်ရွက် ပေးဖို့ မောင်တောမြို့ခံတွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာကို ဒီနေ့ တင်ပြလိုက်တယ်လို့ သိရပါတယ်။
-
2018-10-15 -

ဒီနေ့ မောင်တောမြို့မှာ ကုလအထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာ နဲ့ တွေ့ဆုံရာမှာ တင်ပြခဲ့တာလို့ မောင်တောမြို့ခံတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ညွန့်က RFA ကို ပြောပါတယ်။
မောင်တောဒေသပြဿနာဟာ အကြမ်းဖက်သမားတွေကြောင့် ဖြစ်ပေါ်လာရတာဖြစ်ပြီး အကြမ်းဖက်မှုတွေကို တိုက်ဖျက်နိုင်မယ်ဆိုရင် ဒေသတည်ငြိမ်အေးချမ်းရေးဟာ အလိုအလျောက် ရရှိလာမှာဖြစ်တဲ့အကြောင်း တင်ပြခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေသလို မောင်တောဒေသကို ကုလသမဂ္ဂ တပ်ဖွဲ့တွေဝင်မလာရေး ဆောင်ရွက်ပေးဖို့ကိုလည်း မစ္စ ဘာဂနာကို မောင်တောမြို့ခံတွေက တင်ပြခဲ့ကြပါတယ်။
ကုလ အထူးကိုယ်စားလှယ် မစ္စ ခရစ်စ်တင်းဘာဂနာဟာ ဒီနေ့ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို သွားရောက်ပြီး ရခိုင်၊ မွတ်စလင်၊ ဟိန္ဒူဘာသာဝင်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
မစ္စ ဘာဂနာရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဒီနေ့ နောက်ဆုံးနေ့ဖြစ်ပြီး မနက်ဖြန်မှာတော့ မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်သော စုံစမ်းရေးကော်မရှင်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ လျာထားတယ်လို့ သိရပါတယ်။
အဲဒီနောက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆက်လက်သွားရောက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် အပါအဝင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ တွေ့ဆုံပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေ အတွင်းက IDP စခန်းကို သွားရောက်လေ့လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။