စည်ပင်သာယာရေးကော်မတီဝင်တချို့ နုတ်ထွက်မှုတွေရှိလာ

မန္တလေးတိုင်းစည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်အပါအဝင် ကော်မတီဝင် ငါးဦးဟာ တာဝန်ကနေ နုတ်ထွက်စာတင်လိုက်ပြီဖြစ်ပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ်

မန္တလေးတိုင်းစည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်အပါအဝင် ကော်မတီဝင် ခြောက်ဦးဟာ တာဝန်ကနေ နုတ်ထွက်စာတင်လိုက်ပြီဖြစ်ပါတယ်။

နုတ်ထွက်စာတင်ထားသူတွေကို စစ်တိုင်းမှူးနဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက စည်ပင်လည်ပတ်ဖို့ အရေးကြီးတဲ့အတွက် ဝိုင်းဝန်းဆောင်ရွက်ဖို့ ဒီနေ့ မနက်က လာရောက်ပြောကြားပေမယ့် နုတ်ထွက်ခွင့် တင်ထားသူ ခြောက်ဦးလုံးက ရုပ်သိမ်းမှာမဟုတ်ဘူးလို့ နုတ်ထွက်စာတင်ထားသူ ကော်မတီဝင် ဦးကျော်ရင်မြင့်က RFA ကိုပြောပါတယ်။

ဒုတိယ မြို့တော်ဝန် ဦးရဲမွန်၊ ကော်မတီဝင် ဦးခိုင်မြဲ၊ ဦးကျော်ဇေယျ၊ ဒေါက်တာ သစ်ဆင်း၊ ဦးကျော်ဇောအောင်၊ ဦးကျော်ရင်မြင့် တို့ ခြောက်ဦးဟာ မန္တလေးတိုင်း မြို့တော်ဝန်ထံကို နုတ်ထွက်စာ တင်ထားတာဖြစ်ပါတယ်။

မန္တလေးမြို့တော်ဝန် နဲ့ ကျန်ကော်မတီဝင် ငါးဦးကတော့ ဆက်လက်တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အစိုးရက ဖေဖော်ဝါရီ (၂) ရက် မနက်ပိုင်းမှာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနဲ့ တစ်ဖွဲ့ လုံးကို ရာထူးကဖယ်ရှားကြောင်း တရားဝင်ကြေငြာပြီးတဲ့နောက်၊ အဲ့ဒီနေ့မှာပဲ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူအပါအဝင် လေးဦး ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။

တမူးမြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးနန္ဒလှသွင် ကလည်း စစ်အာဏာရှင်လက်အောက်မှာ လုံးဝ အလုပ်မလုပ်လိုတဲ့အတွက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ နုတ်ထွက်ကြောင်း သူရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org