စစ်မှုထမ်းဥပဒေကြောင့် လူငယ် နှစ်ရာကျော် CNDF ထံ ဝင်ရောက်
ချင်းပြည်နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအရ လူငယ်တွေကို စစ်မှုထမ်းခိုင်းနေတာကြောင့် လူငယ် ၂၀၀ ကျော်ဟာ (CNDF) ထံ ဝင်ရောက်လာကြပါတယ်။
-
RFA Burmese
2024-04-16 -
-
-
ချင်းပြည်နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအရ လူငယ်တွေကို စစ်မှုထမ်းခိုင်းနေတာကြောင့် လူငယ် ၂၀၀ ကျော်ဟာ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ထံ ဝင်ရောက်လာကြတယ်လို့ CNDF ဒုတိယ ဥက္ကဋ္ဌ ဆလိုင်းပီတာထန်းက RFA ကို ဒီနေ့ ပြောပါတယ်။
“အားလုံး ၂၀၀ ကျော်ပြီ။ အတိအကျတော့ ထုတ်ပြန်လို့ မရဘူး။ သင်တန်းတော့ တစ်ခါပြီးသွားပြီ။ ကလေး၊ ကဘော်တွေ၊ ဖလမ်းချင်းတွေ၊ ဟားခါးချင်းတွေ များပါတယ်။ တော်လှန်ရေးအတွက် လုပ်နေကြတာပေါ့။ ဒီကိုရောက်လာတာလည်း စစ်မှုထမ်းဖို့ပဲရှိပါတယ်။ စစ်မှုထမ်းဖို့ လာတယ်ဆိုတော့”
CNDF ရဲ ဆက်သွယ်ရေး တာဝန်ရှိသူတစ်ဦးကလည်း CNDF ထံ ဆက်သွယ်လာကြတဲ့ လူငယ်တွေ နောက်ထပ်လည်း ရှိနေသေးတယ်လို့ ပြောပါတယ်။
ချင်းအမျိုးသားများ ကာကွယ်ရေးတပ် (CNO/CNDF) ဟာ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အချိန်သုံးနှစ်အတွင်း တိုက်ပွဲပေါင်း ၁၇၀ ကျော်မှာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့လည်း CNDF ရဲ့ ဧပြီ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ဝ ရက်နေ့က စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက်ပိုင်း လူငယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဝင်ရောက်တာတွေရှိနေသလို ပြည်ပနိုင်ငံတွေဆီကိုလည်း နည်းလမ်းပေါင်းစုံနဲ့ ထွက်ပြေးတိမ်းရှောင်ကြတာလည်း ရှိနေပါတယ်။
စစ်ကောင်စီကတော့ စစ်မှုထမ်းဥပဒေအရ ဖြစ်လာတဲ့ ပထမဆုံး စစ်မှုထမ်းသင်တန်းကို ဧပြီလ ၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။