မလှိုင်မြို့နယ်က ရွာတွေမှာ ပြည်သူ့စစ် သင်တန်းပေးဖို့ စစ်ကောင်စီ စီစဥ်နေ

မလှိုင်မြို့နယ်ထဲမှာရှိတဲ့ ရွာ ၁၈ ရွာမှာ တစ်ရွာကို အသက် ၁၈ နှစ်နဲ့ ၆၀ ကြား အမျိုးသား အယောက်နှစ်ဆယ် ပြည်သူ့စစ်သင်တန်းတက်ဖို့ စစ်ကောင်စီတပ်က စီစဥ်နေပါတယ်။

မန္တလေးတိုင်း၊ မတ္ထီလာခရိုင် မလှိုင်မြို့အဝင် ဆိုင်းဘုတ်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဥ်။ Citizen Journalist

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ထဲမှာရှိတဲ့ ရွာ ၁၈ ရွာမှာ တစ်ရွာကို အသက် ၁၈ နှစ်နဲ့ ၆၀ ကြား အမျိုးသား အယောက်နှစ်ဆယ် ပြည်သူ့စစ်သင်တန်းတက်ဖို့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ပထမ အပတ်ကစပြီး စီစဥ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလအတွင်း မလှိုင်မြို့ထွေအုပ်ရုံးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး အစည်းဝေးတွေ ဆက်တိုက်လုပ်နေသလို ပြည်သူ့စစ် သင်တန်းပေးဖို့ စီစဉ်နေတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

သိမ်ကုန်းအုပ်စု၊ သဘွတ်ကုန်းအုပ်စု၊ ကျောက်တန်းအုပ်စုတို့မှာပါတဲ့ ရွာတွေမှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ အုပ်ချုပ်ရေးမှုးတွေကတစ်ဆင့် စီစဥ်ခိုင်းနေတာလို့ ဒေသကာကွယ်ရေးအဖွဲ့ Guardians Of Mahlaing ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီကတော့ တောက်လျှောက် ဖိအားပေးနေတာ၊ မဲတွေ ဘာတွေနှိုက်တဲ့အဆင့်ထိတော့ မဟုတ်သေးဘူး။ ဒီအတိုင်း တစ်ရွာကို အယောက်နှစ်ဆယ် သင်တန်းတက်ရမယ်ဆိုပြီးတော့ပေါ့။ ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ယောက်လည်း စစ်ကောင်စီဖိအားကြောင့်ရော တော်လှန်ရေးအဖွဲ့တွေကို ကြောက်တာကြောင့်ရော ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရတယ်ဗျ"

လက်ရှိအချိန်ထိ ပြည်သူ့စစ် သင်တန်းတက်ရောက်ဖို့ စစ်ကောင်စီတပ်က အတင်းအကျပ် စီစဥ်တာမျိုးတော့ မရှိသေးပေမယ့် သင်တန်းမတက်ချင်တာကြောင့် တိမ်းရှောင်ကြသူတချို့တော့ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးရာ၀န်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မလှိုင်မြို့နယ်မှာ ရွာပေါင်း ၁၄၀ ကျော်ရှိပြီး အခုလို ပြည်သူ့စစ်သင်တန်းပေးဖို့ စီစဉ်နေတယ်ဆိုတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာပဲ မလှိုင်မြို့က ရွာတချို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံတချို့လည်း ဓားစာခံအဖြစ် ဖမ်းဆီးနှိပ်စက်ခံရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်း၊ မကွေးနဲ့ ပူခူးတိုင်းမှာလည်း ပြည့်သူ့စစ် စုဆောင်းတာတွေ လုပ်ဆောင်နေသလို ဖေဖော်ဝါရီလ ၁၀ ရက်ကလည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org