တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှု အရပ်သားတွေ ပိုအထိနာ

ရခိုင်မှာ အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ရက္ခိုင့်တပ်တော် (AA) အပေါ် တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် အရပ်သားတွေ သေကြေထိခိုက်တာတွေ ပိုများလာနေတာကို တွေ့ရတယ်လို့ ထောက်ပြပြောဆိုမှုတွေ ရှိလာနေပါတယ်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်း ရေပုတ်ကျေးရွာက လက်နက်ထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဒေါ်ယဉ်ကျော့နုကို ၂ဝ၂ဝ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်တွေဆေးရုံမှာ တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်မှာ အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ရက္ခိုင့်တပ်တော် (AA) အပေါ် တပ်မတော်ရဲ့ နယ်မြေရှင်း လင်းရေး ဆောင်ရွက်ချက်တွေကြောင့် အရပ်သားတွေ သေကြေထိခိုက်တာတွေ ပိုများလာနေတာကို တွေ့ရတယ်လို့ ထောက်ပြပြောဆိုမှုတွေ ရှိလာနေပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကနေစလို့ အေအေအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ဆိုပြီး တပ်မတော်က ကြေး၊ ရေ၊ လေ ဘက်ပေါင်းစုံက အင်အားတွေနဲ့ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတာပါ။

တပ်မတော် ပြောခွင့်ရသူတွေက တပ်မတော်ဟာ ပြည်သူလူထုကို အကာအကွယ်ပေးဖို့နဲ့ တရားဥပဒေ စိုးမိုးမှု ရရှိရေးအတွက် အရပ်သားတွေ ထိခိုက်မှုမရှိအောင် တပ်မတော်ရဲ့ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းနဲ့အညီ စစ်ဆင်ရေးကို ဆောင်ရွက်တာလို့ ပြောဆိုထားကြပါတယ်။

လက်ရှိစစ်ပွဲတွေပြင်းထန်နေတဲ့ ရသေ့တောင်မြို့နယ်မြောက်ပိုင်းမှာ တာဝန်ကျနေတဲ့ ဒေသခံအစိုးရ ကျောင်း အုပ်ဆရာကြီးတစ်ဦးက တပ်မတော်အကြီးအကဲတွေရဲ့ပြောဆိုချက်ဟာ လက်တွေ့အခြေအနေတွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“အခုဖြစ်နေတာက သူတို့ပြောထားတာနဲ့ လက်တွေ့မြေပြင်မှာဖြစ်နေတာနဲ့ တခြားစီဖြစ်နေပါတယ်။ အခုလက်တွေ့ မှာက ရွာတစ်ရွာကိုဝင်လာပြီဆိုတာနဲ့ လှမ်းပစ်တယ်။ ပစ်တော့ရွာသားတွေ ထွက်ပြေးတယ်။ ထွက်ပြေးတော့ ရွာမှာရှိတာတွေကို သူတို့ယူလို့ရတဲ့ဟာတွေကို အကုန်လုံးယူတာပေါ့။ နောက်ပြီးတော့ ရွာတွေမှာ လယ်သမားကြီးတွေဆို စပါးတွေသိုလှောင်ထားတာတွေ ရှိတယ်လေ၊ အဲဒါတွေဆို သူတို့ မီးရှို့ပစ်ခဲ့တယ်။ ကျွန် တော်တို့ ရသေ့တောင်မြောက်ပိုင်းက အဲဒါတွေက လက်တွေ့ပဲ။ မြန်မာ့တပ်မတော် လာပြီဆိုတာနဲ့ ဒေသခံ ရွာသားတွေ အကုန်လုံးထွက်ပြေးပြီ။ နေလို့ကို မရတော့ဘူး။ အတွေ့ခံလို့ကို မဖြစ်တော့ဘူး၊ အဲလိုတွေဖြစ်နေ တယ်။ တွေ့တဲ့သူတွေကို ဖမ်းတယ်။ ရိုက်တယ်။ ဖမ်းသွားရင် ရဲစခန်းကိုအပ်ရင်တော့ တော်သေးတယ်။ မအပ် ဘဲနဲ့ ပျောက်သွားတဲ့လူတွေလည်းရှိတယ်၊ ကျွန်တော်တို့ဘက်မှာ။ အဆက်အသွယ် မရတော့ဘဲနဲ့ ပျောက်သွား တဲ့လူတွေလည်းရှိတယ်။ ဒေသခံတွေကတော့ အစိုးရစစ်တပ်ဆိုရင် တော်တော်မုန်း သွားကြပြီ”

အစိုးရဝန်ထမ်းဖြစ်နေတာနဲ့ သူ့ရဲ့လုံခြုံရေးအရပါ အမည်ကိုဖော်ပြခွင့် မပြုပါဘူး။

မြေပုံမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကလည်း တပ်မတော်ရဲ့ ဆောင်ရွက်ချက် တွေဟာ လက်တွေ့မှာ ပြောင်းပြန်ဖြစ်နေတယ်လို့ ထောက်ပြပါတယ်။

“အစိုးရအနေနဲ့ တစ်နှစ်တာကာလမှာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အလုပ်လုပ် နေတယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်ဟာ အရင်တုန်းကထက်ပိုပြီးတော့ တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ပြည်နယ်အနေ အထားကို ရောက်ရမှာဖြစ်ပါတယ်။ အခုဟာက တိုက်ပွဲတွေဖြစ်နေတယ်။ နယ်မြေတွေမှာ မတည်မငြိမ်မှုတွေ ဖြစ်နေတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်တွေ ပိုများလာတယ်။ အသေအပျောက်တွေ ရှိလာတယ်။ စစ်ပွဲ တွေလည်း ဆက်တိုက်ဖြစ်လာတယ်ဆိုတဲ့အခါ ရပ်ရွာတည်ငြိမ် အေးချမ်းမှုအတွက် ဒါကပြောင်းပြန်ဖြစ်နေ တယ်လို့ ကျွန်တော့အနေနဲ့မြင်တယ်။ အဲဒါကြောင့် အစိုးရရဲ့ လုပ်ရပ်တွေမှာ လုပ်ရပ်နဲ့ ဖြစ်နေတဲ့အနေ အထားတွေမှာ နည်းလမ်းလွဲမှားနေသလားလို့ ထင်မြင်ယူဆ မိပါတယ်ခင်ဗျ”

ရခိုင်စစ်ရေးကာလမှာ ပြီးခဲ့တဲ့နှစ်ကနေ ဒီနေ့အထိ အရပ်သားသေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက လူပေါင်း ၃၀၀ ကျော်အထိရှိသလို ကျေးရွာပေါင်း ၁၇ ရွာက နေအိမ် ၁၈၀ ခန့်အထိ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) က ဆိုပါတယ်။

တပ်မတော်ကပစ်ခတ်တဲ့ လက်နက်တွေကြောင့် အရပ်သားတွေ သေကြေထိခိုက်တာ၊ အိမ်တွေ မီးလောင်တာလို့ ဒေသခံတွေက ပြောဆိုကြပေမယ့် တပ်မတော် ပြောခွင့်ရသူတွေကတော့ ငြင်းဆိုထားကြပါတယ်။

တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် ဖြစ်ရမယ့်အစား ပြည်သူတွေရဲ့အခြေအနေက စိုးရိမ်စရာဖြစ်နေတယ်လို့ ထောက်ပြသူက ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့က ရှေ့နေ ဦးဇော်ဇော်မင်းပါ။

“ကလေးသူငယ်တွေ ထိခိုက်ဒဏ်ရာရမှုရှိတယ်။ စစ်ဘေးရှောင်တွေ တိုးလာတယ်။ အပြစ်မဲ့ အရပ်သားပြည်သူ တွေ ထိခိုက်ဒဏ်ရာရတယ်။ သေဆုံးတယ်။ သံသယနဲ့ ဖမ်းဆီးခံရတာတွေ အများကြီးတွေ့နေရပါတယ်။ ပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေထိလို့ စိုးရိမ်လို့ ရွာလုံးကျွတ် ထွက်ပြေးရတာတွေကို ကျွန်တော်တို့အနေနဲ့ ကတော့ မြင်တွေ့နေရပါတယ်။ ဒါကတော့ တရားဥပဒေ စိုးမိုးရေးလုပ်တယ်ဆိုတဲ့ဟာမှာ ပြည်သူတွေရဲ့ အကျိုး စီးပွားကို ကာကွယ်ရမယ့် သဘောရှိရပါမယ်။ အခုက ပြည်သူ့အကျိုးစီးပွားတွေ ထိခိုက်ပြီးတော့ အသက်အိုးအိမ် စည်းစိမ်တွေ ကြောင့်ကြစိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေပါတယ်”

ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခက မြန်မာအစိုးရနဲ့ တပ်မတော်ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်း မယ့်အစား အင်အားသုံးအနိုင်ယူတဲ့ နည်းလမ်းနဲ့ဖြေရှင်းနေတာလို့ ဆိုပါတယ်။

“သူတို့က ငြိမ်းချမ်းရေးဆိုပြီးတော့မှ တသွင်သွင်အော်နေပေမယ့်လည်း တကယ်လက်တွေ့လုပ်နေတဲ့ဥစ္စာ ကတော့ ငြိမ်းချမ်းနိုင်တဲ့အလုပ်မျိုးကို မြန်မာစစ်တပ်ကလုပ်တာ တစ်ခုမှမရှိသေးဘူး။ မြန်မာအစိုးရဘက် ကလည်း ငြိမ်းချမ်းရေးရနိုင်တဲ့ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင် တစ်ခုမှလုပ်တာမရှိဘူး။ ဒီမြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းမယ်ဆိုတာထက် အင်အားသုံးအနိုင်ယူပြီးတော့ ဖြေရှင်းမယ် ဆိုတဲ့အနေအထားမျိုး တွေ့နေရတယ်။ ဒီဟာကတော့ ပြောမယ် ဆိုလို့ရှိရင် သူတို့ရဲ့ရွေးချယ်မှုပေါ့။ ကျွန်တော်တို့ဘက်ကလည်းပဲ တခြားရွေးစရာ မရှိဘူးဆိုလို့ရှိရင်တော့ အတူ တူနေလို့မရတဲ့ အနေအထားမျိုးဖြစ်လာလို့ရှိရင်တော့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့လမ်း ကျွန်တော်တို့ ရွေးရမယ့် အနေအထားမျိုးဖြစ်တယ်”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အေအေ အဖွဲ့ကြောင့် ဒီလိုဖြစ် နေရတာလို့ ပြောပါတယ်။

“ရွာနားလေးတွေမှာ တိုက်ပွဲမဖြစ်ရင်တော့ အရပ်သားသေစရာ အကြောင်းမရှိပါဘူး။ ပြီးရင်တော့ အေအေ အနေနဲ့ အရပ်ဝတ်တွေနဲ့ တိုက်ခိုက်ပြီးတော့ သေသွားရင် အရပ်သားဆိုပြီးပြောလာတာတွေ ရှိပါတယ်။ အရင်တုန်းက အဲဒီနယ်မြေဒေသတွေမှာ ဘာတိုက်ပွဲရှိခဲ့လို့ ဘာဖြစ်ခဲ့လို့လဲ။ အေအေ စတင်ဝင်ရောက် လာချိန်ကျမှ ရွာနားလေး၊ မြို့နားလေး၊ လမ်းမတွေပေါ်မှာ သူတို့ပဲ မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်တာ။ ဝန်ကြီးချုပ်ယာဉ်တန်းကိုတောင်မှ မိုင်းထောင်တယ်ဆိုတော့ အရင်တုန်းက ငြိမ်းချမ်းတဲ့နယ်မြေ ဒေသတစ်ခုကနေ အခုအချိန် ဒီလိုမျိုးဖြစ်နေတယ် ဆိုတဲ့ဥစ္စာက တရားခံအစစ်က ဘယ်သူလဲဆိုတာကို သိရမှာပါ”

တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေမှာ အရပ်သားတွေ ပိုမိုအထိနာလာတဲ့အတွက် ဒီကိစ္စအပေါ် အရေးတကြီး ပြန်သုံးသပ်ဖို့လိုနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိလာနေပါတယ်။

မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက လက်ရှိအနေအထားအတိုင်း ဆက်သွားမယ် ဆိုရင် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေ ပိုမိုဝေးကွာသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အခုပိုဆိုးလာတာက လူငယ်တွေရဲ့စိတ်မှာ မခံချင်တဲ့စိတ်တွေက ပိုများလာတယ်။ အဲဒါကြောင့် လူငယ်တွေ ဟာ စိတ်ပြောင်းလဲပြီးတော့ တိုက်ပွဲဝင်ဖို့အတွက် အဆင်သင့်ဖြစ်သွားမယ်ဆိုရင် တည်ငြိမ်အေးချမ်းရေး အပိုင်းရော၊ တရားဥပဒေစိုးမိုးရေးအပိုင်းပါ ကင်းကွာသွားကြလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည် နယ်ရဲ့အနာဂတ်ဟာ အင်မတန်အရေးကြီးနေတဲ့ အခြေအနေကို ရောက်နေပါပြီ။ အဲဒါကြောင့် ဒီအတိုင်းသာ ဆက်သွားနေမယ်ဆို လို့ရှိရင် ရခိုင်ပြည်အတွက် ကောင်းကျိုးတွေရှိလာမှာ မဟုတ်ပါဘူး။ ဆိုးကျိုးတွေပဲ ရှိလာမှာဖြစ်ပါတယ်”

ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ခုနှစ်တွေက မောင်တောဒေသမှာ ARSA အဖွဲ့ကို အကြောင်းပြုပြီး တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်တာ ရိုဟင်ဂျာမွတ်စလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အခုလည်း စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံတွေ ရခိုင်မြောက်ပိုင်းမှာ တစ်သိန်းကျော် ရှိနေပြီလို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org