စဥ့်ကူးမှာ ရေကြီးပြီး လူတစ်သောင်းခန့် ရွှေ့ပြောင်းရ
စဥ့်ကူးမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရွာသုံးဆယ်ခန့် ရေးဘေးသင့်နေပြီး အဲဒီအထဲက ၁၂ ရွာမှာရှိတဲ့ ဒေသေခံ တစ်သောင်းနီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရပါတယ်။
-
RFA Burmese
2024-07-16 -
-
-
မန္တလေးတိုင်း စဥ့်ကူးမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရွာသုံးဆယ်ခန့် ရေးဘေးသင့်နေပြီး အဲဒီအထဲက ၁၂ ရွာမှာရှိတဲ့ ဒေသေခံ တစ်သောင်းနီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။
အခုလို ရွှေ့ပြောင်းရသူတွေထဲမှာ မြစ်ကမ်းဘေးမှာနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်တယ်လို့ ရေးဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“တချို့စစ်ရှောင်တွေက မြစ်နား ကမ်းနားမှာ နေကြတာလေ။ ရွာမှာမနေရဲတဲ့အခါကျတော့။ အဲဒီဆောက်ထားတဲ့ အဆောက်အအုံတဲတွေကတော့ အကုန်လုံး မြုပ်သွားတာပေါ့။ အဲဒီကနေ စစ်ရှောင်ရတာရယ်၊ ရေကြီးနစ်မြုပ်တာ ရှောင်ရတာရယ်ဆိုတော့ သူတို့မှာ ဆင်းရဲဒုက္ခတွေကတော့ ပိုထပ်နေတာပေါ့”
ရေးဘေးဒုက္ခသည် အများစုကတော့ ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာရှိတဲ့ ကျေးရွာတွေက နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ သူက ပြောပါတယ်။
ဧရာဝတီမြစ်ရေကတော့ ဇူလိုင်လ ၁၄ ရက်နေ့ကစတင်ပြီး အနည်းငယ် ပြန်ကျနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
စဥ့်ကူးမြို့နယ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အိမ်ခြေလေးဆယ်ခန့်ရှိတဲ့ ရွာသာရွာမှာလည်း နေအိမ်တွေ ရေနစ်မြုပ်တဲ့အထိ ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။