လွိုင်ကော်မှာ လူဦးရေ သုံးပုံနှစ်ပုံ မြို့ကို စွန့်ခွာထွက်ပြေး
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဇန်နဝါရီ ၆ ရက်နေ့ကစပြီး ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြောင့် မြို့လူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က RFA ကို ဒီနေ့ပြောပါတယ်။
- 2022-01-11
-
-
-
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြောင့် မြို့လူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC) က RFA ကို ဒီနေ့ပြောပါတယ်။
စစ်ပြေးဒုက္ခသည်အများစုဟာ ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကို ထွက်ခွာသွားကြတာလို့ KSCC ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“အခုက လွိုင်ကော်ရဲ့ လူဦးရေ သုံးပုံနှစ်ပုံကတော့ ထွက်ပြေးပြီပေ့ါနော်။ ဒီစစ်ကောင်စီက သုံးရက်အတွင်း လွိုင်ကော်မြို့ကို ဗုံးကြဲမယ်ဆိုပြီး သတင်းတွေ ထွက်ပြီးနောက်ပိုင်းမှာ ရှမ်းပြည်ဘက်ကို တော်တော် များများတက်သွားတယ်။ တချို့လည်း ဒီပြည်နယ်ထဲမှာပဲ တိမ်းရှောင်တယ်ပေါ့။ ဒီးမော့ဆို ဖရူဆိုဘက်ကို တိမ်းရှောင်တာလည်းရှိတာပေါ့။ ဆိုတော့ မြို့ထဲမှာတော့ သုံးပုံ တစ်ပုံပဲ ကျန်တော့တာပေါ့နော်။ သူတို့ လည်း အခက်အခဲတော်တော်ဖြစ်နေတာပေါ့”
လွိုင်ကော်မြို့မှာ လူဦးရေ ခြောက်သောင်းကျော်နေထိုင်ပြီး ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေက ထွက်ပြေး တိမ်းရှောင်လာကြသူတွေနဲ့ဆိုရင် လူဦးရေ ကိုးသောင်းကျော် ရှိနေပါတယ်။ အဲဒီအထဲက သုံးပုံနှစ်ပုံကျော် ဖြစ်တဲ့ လူဦးရေ ခြောက်သောင်းကျော်လောက်က ဒီရက်မှာ မြို့ကိုစွန့်ခွာထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
သူတို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ တောင်ကြီး၊ ပင်လောင်း၊ နောင်တရား၊ အင်းလေးဘက်ကို ဦးတည်ထွက်ခွာကြတာဖြစ်ပြီး ဒေသခံအရပ်ဘက်အဖွဲ့တွေရဲ့ အကူအညီနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီစခန်းတွေဖွင့်လှစ်ပြီး ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချို့ကလည်း ကယားပြည်နယ်ထဲက နီးစပ်ရာတောတောင်တွေ၊ ဒုက္ခသည်စခန်းတွေ၊ ဆွေမျိုးတွေ ရှိတဲ့ နေရာတွေဆီကို ထွက်ပြေးနေကြတာလို့လည်းသိရပါတယ်။
လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ကနေ ထွက်ပြေးလာတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကတော့ မြို့ပေါ်မှာ သူတို့အတွက် မလုံခြုံတော့လို့ ထွက်ပြေးရတာလို့ပြောပါတယ်။
“ဒီလိုမျိုး အခက်အခဲတွေအများကြီးပဲ ကြုံရတာ ထွက်လို့လည်း မရတော့ဘူး နေလို့လည်းမရတော့ဘူး လှမ်းပစ်လို့ အဲဒါကြောင့်မို့လို့ မဖြစ်မနေထွက်ပြေးလာရတာ”
ရှမ်းပြည်နယ်ဘက်ကို ထွက်ပြေးသူတွေကို စစ်တပ်က ဂိတ်ခြောက်ခုလောက်မှာ စစ်ဆေးမေးမြန်းပြီးမှ သွားခွင့်ပြုတယ်လို့ ထွက်ပြေးလာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ထွက်လာတာ တစ်ဂိတ်ပြီး တစ်ဂိတ်ပေါ့နော် အဲဒီ ဖယ်ခုံတပ်တို့ အဲဒီမိုးဗြဲတပ်တို့ အဲဒီမှာ ဂိတ်တွေ ကတော့ ရှိတာပေါ့။ ရှိတော့ အဲဒီမှာ စစ်လာတာ စစ်လာပြီးရင် အဲဒီ တစ်ဖွဲ့ သိပ်ကြာတယ်။ ကားများတဲ့ အခါတော့ ကြာတော့ကြာတာပေါ့။ တစ်ကားပြီး တစ်ကားတော့ စစ်သွားတာပေါ့ အဲဒီမှာ လူဘယ် နှစ်ယောက်ရှိလဲ၊ မိန်းခလေး ဘယ်နှစ်ယောက်ပါလဲ၊ ယောကျာ်းလေး ဘယ်နှစ်ယောက်ပါလဲ၊ အဲဒီမှာ စစ်ပြီးတော့ ဂိတ်တွေက ငါးခု ခြောက်ခုလောက် တိုးတယ်”
ကယားပြည်နယ်မှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၊ ပြည်သူ့ ကာကွယ်ရေးတပ်တို့က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။ ဒီးမော့ဆိုမြို့နယ်ထဲမှာဆိုရင် (၅) မိုင်၊ (၆) မိုင်၊ ဒေါပိုးစီရွာတွေကနေ လွိုင်ကော်မြို့နယ် မိုင်းလုံးနဲ့ ပန်ကန်းရပ်ကွက်အထိ ဖြစ်နေတာပါ။
"ကိုယ့်ရဲ့ပြည်နယ်သေးသေးလေးက ပြေးစရာလည်း မရှိတော့ဘူး။ စစ်ရေးတင်းမာရင်တော့ အခြေအနေဆိုးလာမယ့် အနေအထားရှိတယ်"
ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အအထိတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ် ယာဉ်တွေ၊ တင့်ကားတွေကို အသုံးပြုခဲ့တာတွေ့ရပါတယ်။ ဒီငါးရက်ကြာတိုက်ပွဲအတွင်း အရပ်သားခြောက်ဦး လည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရပ်သားတွေ အစုလိုက်အပြုံလိုက် မြို့ကိုစွန့်ခွာထွက်ပြေးနေကြရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က မေးမြန်းရာမှာ သူက အခုလိုတုံ့ပြန်ပါတယ်။
“ပစ်ခတ်တိုက်ခိုက်မှုမရှိရင် ဒါတွေဟာ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဖြစ်လာတဲ့ အကြောင်းရင်း ကလည်း လွိုင်ကော်လေဆိပ်မှာ ကိုဗစ်ကာကွယ်ဆေးတွေ၊ ခရီးသည်တွေ တင်ဆောင်လာတဲ့လေယာဉ် ရောက်လာတဲ့အချိန်မှာ ပစ်ခတ်တာကနေ စခဲ့တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ကတော့ IDP များ ရှိခဲ့လို့ရှိရင် သူ့နေရာသူမှာ ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ လုံခြုံမှုတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်”
ဇန်နဝါရီလ ၉ ရက်နေ့က စံပြ ၆ မိုင်ကျေးရွာ၊ မိုင်းလုံးရပ်ကွက်တွေမှာ တိုက်ပွဲသုံးကြိမ်ခန့်ဖြစ်ခဲ့သလို မနေ့ကလည်း မိုင်းလုံးရပ်ကွက်ထဲမှာ မွန်းလွဲပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ လေကြောင်းပစ်ကူပေးလာတဲ့ စစ်ရဟတ်ယာဉ်တစ်ဦးကို ပစ်ချနိုင်ခဲ့ကြောင်း KNDF ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA က မေးမြန်းရာမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒါဟာ သတင်းမှားသာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့ပေါ်က ပြည်သူတွေဟာ ဒုက္ခသည်စခန်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ထွက်ပြေးခိုလှုံနေကြရတာပါ။ အခုဆိုရင် လွိုင်ကော်ဟာ မြို့လုံးကျွတ်နီးပါးထွက်ပြေးရတဲ့ တတိယမြောက်မြို့ဖြစ်လာတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ လူဦးရေ သုံးသိန်းဝန်းကျင်ရှိတဲ့အနက် ထက်ဝက်ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဘက်က စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ပြည်သူတွေ ပိုအခက်တွေ့လာနိုင်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အရင် ဒီးမော့ဆို တိုက်ပွဲ၊ မိုးဗြဲ တိုက်ပွဲ ကုန်းသာ တိုက်ပွဲမျိုးလည်း သူတို့လုပ်သလိုရှိတယ်။ အဲဒါက မသမာသူပေါ့နော်။ စစ်တပ်က လုယက်ပြီးတော့ အိမ်တွင်းဖောက်ပြီးတော့ လုပ်တာတွေရှိသလို ကိုယ့် ပြည်သူအချင်းချင်း လုယက်ခိုးပြီး ပြည်သူအချင်းချင်း သူများမရှိတုန်း ခိုးတာလည်းရှိတယ်။ ဆိုတော့ တော်တော့ကို အခက်အခဲရှိတဲ့ အနေအထားမှာဖြစ်တယ်။ လက်ရှိ ကရင်နီပြည်ပေါ့။ အကယ်၍ စစ်ရေးက ဒီထက်တင်းမာရင်တော့ ကျနော်ဘယ်လိုပြောရမှန်း မသိတော့ဘူး။ ဒါကတော့ မစဉ်းစားရဲတော့ဘူး မတွေးရဲတော့ဘူး။ ကိုယ့်ရဲ့ပြည်နယ်သေးသေးလေးက ပြေးစရာလည်းမရှိတော့ဘူး။ စစ်ရေးတင်းမာ ရင်တော့ အခြေအနေဆိုးလာမယ့် အနေအထားရှိတယ်”
ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အထိနာနေလို့ လေကြာင်း ကနေတိုက်ခိုက်မှုတွေ ပိုလုပ်နိုင်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ လုံခြုံတဲ့အစီအမံတွေ ကြိုတင် လုပ်ဆောင်ကြဖို့နဲ့ လုံခြုံတဲ့နေရာမှာနေဖို့ KNDF အဖွဲ့ကမနေ့က သတိပေးစာထုတ်ပြန်ထားပါတယ်။