ကျောက်ကြီးနဲ့ဖြူးမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေ၊ ရှစ်ဦးဒဏ်ရာရ
ကျောက်ကြီးမြို့နယ်နဲ့ ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့တဲ့လက်နက်ကြီးတွေကြောင့် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးနှစ်ဦး အပါအဝင် ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်။
-
RFA Burmese
2023-10-11 -
-
-
Updated 4:27 PM Oct 12, 2023
ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်နဲ့ ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၀ ရက်မှာ ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးတွေကြောင့် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးနှစ်ဦး အပါအဝင် ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ကျောက်ကြီးမြို့နယ် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ−၂၆၄ တပ်ရင်းက ပစ်ခတ်ခဲ့တဲ့ ၁၅၅ မမ လက်နက်ကြီးကျည်တွေဟာ အောက်တိုဘာလ ၁၀ ရက်မှာ ရွာကန်လန့် ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုအတွင်း အသက် နှစ်နှစ်အရွယ် နော်ကဲဘလုမူး၊ အသက် ၃၀ အရွယ် နော်လားဒူးနဲ့ အသက် ၃၅ နှစ်အရွယ် စောပွားစေးတို့မိသားစု ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၀၇ နဲ့ ခမရ ၄၃၉ တပ်တွေကလည်း ကျောက်ကြီးမြို့နယ်နဲ့ ဖြူးမြို့နယ်တွေအတွင်း အောက်တိုဘာလ ၁၀ ရက် နေ့လယ် ၁၂ နာရီကနေ ည ၉ နာရီအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အဲ့ဒီလက်နက်ကြီးကျည်တွေက ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောက်ကြီးမြို့နယ် သနပ်ကွင်း ရွာဘုန်းကြီးကျောင်းက သက်တော် ၇၄ နှစ်အရွယ် ဆရာတော် ဦးကောဝိတ၊ ကျောက်ကြီးမြို့နယ်နဲ့ ဖြူးမြို့နယ်အစပ်က နန္ဒမိတ်ရွာက အသက် နှစ်နှစ်အရွယ် မောင်ပြည့်စုံ၊ အသက် ၃၅ နှစ်အရွယ် မမာလာ၊ အသက် ၅၈ နှစ်အရွယ် ဒေါ်မြင့်ဌေးနဲ့ အသက် ၆၀ အရွယ် ဦးတင်ထွန်းတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
နန္ဒမိတ်ရွာ လက်နက်ကြီးကျည် ပေါက်ကွဲမှုအတွင်း မိသားစုတစ်ခုလုံး ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နန္ဒမိတ်ရွာကို စစ်တပ်က လက်နက်ကြီးနှစ်လုံးနဲ့ ပစ်ချတာ။ တစ်လုံးက ရွာဘေးကို ကျတယ်။ တစ်လုံးက အိမ်ပေါ်ကျတယ်။ အိမ်ပေါ်ကျတဲ့အလုံးက နေအိမ်က မိသားစုဝင် လေးဦးစလုံးကို ထိသွားတယ်။ ကလေးငယ် တစ်ဦးပါတယ်။ နောက်သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ စစ်တပ်ကတော့ ရွာတွေဘက်ကို နေ့တိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ"
ဒီအပြင် ဖြူးမြို့နယ် ကျော်လှကျေးရွာက အသက် ၁၄ နှစ်အရွယ် မယူရတီနိုင်ဟာ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် အားကောင်းလာတဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ပိုပြီးလုပ်ဆောင်လာတာပါ။
RFA ရဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ အရပ်သား ၈၁၆ ဦးသေဆုံးခဲ့ပြီး၊ ၁,၆၂၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။