SSA နဲ့ အစိုးရတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား

ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်အတွင်း မိုင်းကောင်မြို့တောင်ဘက် ၇ မိုင်အကွာရှိ SSA စခန်းထိုင်ထားတဲ့ နေရာမှာ မြန်မာအစိုးရ တပ်ဖွဲ့တွေနဲ့ ဒီကနေ့ မနက်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၂ နာရီ လောက်အထိ တိုက်ပွဲတွေ မရပ်သေးဘူးလို့ သိရပါတယ်။

၂ဝ၁၁ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အပေါ် မြန်မာအစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် ဒေသများကို Shan Human Rights Foundation က မြေပုံအညွှန်းဖြင့် ပြသထားပုံ ဖြစ်ပါသည်။ (Map by Shan Human Rights Foundation) Map by Shan Human Rights Foundation

ရှမ်းပြည်နယ် စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို လေ့လာနေတဲ့ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပြပါတယ်။

“ဒီမနက် လင်းအားကြီး ၅ နာရီ ၁၅ မိနစ်ကနေ စပြီးမှ ရှမ်းတပ်က အခြေချ တပ်စိုက်ထားတဲ့နေရာမှာ (ဖြစ်တာ)။ မတ်လ ၁၃ ရက်နေ့ကစပြီး ဒီနေ့လောက် ရှည်ကြာတဲ့တိုက်ပွဲ မရှိသေးဘူး။ အခုထက်ထိ သေနတ်သံက မစဲသေးဘူး။ နအဖ တပ်က အင်အားအနည်းဆုံး ၁ ရာကျော်တယ်လို့ပြောတယ်။ တောင်ပေါ်တပ်ကို တက်တိုက်တာပေါ့။ ရှမ်းတပ်ဘက်က SSA တပ်မဟာ (၃၆)။ နောက်ပြီးတော့ သူတို့ရဲ့ မြို့နယ် အုပ်ချုပ်ရေး။ နောက် သူတို့ လက်နက်ကြီးတပ်တွေ တောင်ပေါ်တပ်မှာ စခန်းချထားတယ်”

တိုက်ပွဲတွေ ပိုပြီးပြင်းထန်ပြီး နှစ်ဘက် ကျဆုံးတဲ့ အခြေအနေကိုတော့ အခုအချိန်အထိ မသိရသေးဘူးလို့ ဆိုပါတယ်။

“ဒါပေမယ့် ဒီ အရပ်သတင်းအရတော့ ရှမ်းတပ်က အခိုင်အမာ နေရာယူထားတော့ မြန်မာတပ်ဘက်က တက်တယ်ဆိုတော့ သူတို့ အကျအဆုံး များမှာတော့ သေချာတယ်လို့ ပြောတယ်။ SSA ဘက်ကတော့ ပြောတာ နအဖ ဘက်က ပစ်တဲ့ လက်နက်ကြီးတွေက ဓာတုဗေဒလက်နက် ပါသလိုလို ပြောတယ်။ အနီးအနားမှာ ပေါက်ကွဲပြီးမှ ဘာဒဏ်ရာမှ မရဘဲနဲ့ အနံ့အသက်ရရင် တချို့ ရဲဘော်တွေ မူးဝေတာတွေ ဘာတွေ ဖြစ်တယ်တဲ့။ ရှမ်းတပ်က အဲဒီလို ပြောတယ်။ ရပခ လက်အောက်ခံ လင်းခေးနဲ့ မိုင်းပန်ဘက်က ပို့လိုက်တဲ့ တပ်တွေ၊ မိုင်းရှူးမြို့နယ်နဲ့ တန့်ယန်းမြို့နယ် အကြားမှာ လှုပ်ရှားနေတဲ့ တပ်တွေ၊ တပ်ရင်းနံပါတ် အတိအကျတော့ မသိဘူး”

မြန်မာအစိုးရတပ်က အခု တိုက်နေတဲ့ (၇) မိုင် ရှမ်းတပ်စခန်းဟာ SSA အတွက် စစ်ရေးအရ အရေးပါတယ်လို့လည်း သိရပါတယ်။ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းကို မေးမြန်းကြည့်တော့ အောက်က အစီအရင်ခံစာ တက်မလာသေးတာကြောင့် ဘာမှ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းနဲ့ တောင်ပိုင်းအဖွဲ့ကို မေလ ၂၁ ရက်နေ့က ပေါင်းစည်းလိုက်ပြီးနောက် ဒါဟာ အပြင်းအထန်ဆုံး တိုက်ပွဲလို့လည်း သိရပါတယ်။

မြန်မာအစိုးရသစ် လက်ထက်မှာ SSA နဲ့ တိုက်ပွဲဖြစ်တဲ့ အကြိမ် အရေအတွက် အတော်လေး များနေပြီလို့လည်း သိရပါတယ်။ မေလ ၂၆ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဆောင်ကျဲတိုက်နယ် နောင်တုံကျေးရွာ အနီးမှာ မြန်မာအစိုးရ စကခ (၁) လက်အောက်ခံ၊ ကျောက်မဲအခြေစိုက် ခမရ (၅ဝ၄) တပ်ရင်းနဲ့ SSA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၆၄၁) နဲ့ တနာရီခွဲကြာ တိုက်ပွဲဖြစ်ပွားရာမှာ မြန်မာ အစိုးရတပ်က ဗိုလ်မှူးတယောက် အပါအဝင် ၁ဝ ယောက်လောက် ကျဆုံးသွားတယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

SSA တပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားတာ ၂ လအတွင်း အကြိမ် ၆ဝ လောက်ရှိပြီး အစိုးရတပ်ဘက်က သေကြေ ဒဏ်ရာရတာ ၃ ရာကျော်၊ SSA ဘက်က သေကြေဒဏ်ရာရတာ ၁ဝ ယောက်ကျော်ရှိပြီး ဒီတိုက်ပွဲတွေမှာ SSA တပ်တွေက မြန်မာအစိုးရတပ်တွေကို ပြောက်ကြားနည်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းသတင်းရပ်ကွက် အဆိုအရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org