SSA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အစိုးရဖက်မှ တပ်ရင်းမှူးကျဆုံး

ရှမ်းပြည်နယ်အတွင်း စစ်အစိုးရတပ်ဖွဲ့တွေနဲ့ SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တွေအကြား မေလ ၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်အစိုးရဖက်က တပ်ရင်းမှူး အပါအဝင် ၉ ဦး ကျဆုံးခဲ့ရပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်အစိုးရအား တိုက်ခိုက်နေသည့် SSA ရှမ်းလက်နက်ကိုင် တပ်သားများကို စက်သေနတ် လက်နက်ကြီးမျြားဖင့် အသင့်အနေအထား တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

တိုက်ပွဲဖြစ်ပွားခဲ့တာကတော့ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်း ဆားတောကျေးရွာအုပ်စုနဲ့ တုံလော ကျေးရွာအနီးမှာ မေလ ၉ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ ဖယ်ခုံမြို့နယ်အခြေစိုက် စကခ ၇ လက်အောက်ခံ အမှတ် ၄၂၂ ခြေလျင်တပ်ရင်းက စစ်ကြောင်းတကြောင်းနဲ့ SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တွေအကြား တနာရီကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်က ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိန်းက RFA ကို အတည်ပြု ပြောကြားပါတယ်။

“ကျနော်တို့ SSA လှုပ်ရှားတဲ့ တပ်ကြောင်းနဲ့ ဒီ နအဖ ဖက်က ခလရ ၄၂၂ ပေါ့နော် တုန်လော နဲ့ ဆားတော ကျေးရွာအုပ်စု အဲဒီမှာ လမ်းမှာ ပက်ပင်းတွေ့ပြီးတော့ တိုက်ပွဲဖြစ်တာပါ။ ကျဆုံးကတော့ နအဖ ဖက်က ၉ ဦး ကျဆုံးတာပေါ့နော်၊ ပြီးတော့ ၁၅ ဦး ဒဏ်ရာရတယ်။ ကျနော်တို့ဖက်ကတော့ ထိခိုက်ဒဏ်ရာ မရှိပါဘူးခင်ဗျ။ ဘာလို့လည်းဆိုတော့ သူတို့က ကားနဲ့လာတာ ကျနော်တို့က လမ်းအဖြတ်မှာ ကျနော်တို့ဖက်က အရင်စပြီးတော့ တိုက်ရတဲ့အတွက်ကြောင့် ကျနော်တို့ဖက်မှာ ဘာထိခိုက်မှုမှ မရှိပါဘူး။”

ဒီတိုက်ပွဲမှာ အစိုးရတပ်ဖက်က ခလရ ၄၂၂ တပ်ရင်းမှူး ဗိုလ်မှူး သန်းထိုက်ဝေ အပါအဝင် ဒုအရာခံဗိုလ် စိုးမင်း၊ တပ်ကြပ်ကြီး ထွန်းအောင်၊ တပ်ကြပ်ကြီး သိန်းလှိုင်၊ တပ်ကြပ် ထွန်းထွန်းလွင်၊ တပ်ကြပ် ကျော်စိုးမင်း၊ တပ်ကြပ် ထွန်းခိုင်၊ တပ်သား ကိုဇော်နဲ့ တပ်သား မျိုးဇော်ဦးတို့ ကျဆုံးခဲ့တာဖြစ်ပြီး လက်နက်ကြီးငယ် ၁၁ လက် ပျက်စီးသွားတယ် ။ တနာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်တွေ လှုပ်ရှားတဲ့ စစ်ကြောင်းဟာ အဲ့ဒီနေရာကနေ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်အတွင်း အခုလအတွင်းမှာ တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲဟာ အချိန်အကြာဆုံးနဲ့ ထိခိုက်ကျဆုံးများပြီး ပြင်းထန်တဲ့ တိုက်ပွဲတပွဲဖြစ်ပါတယ်။

အစိုးရတပ်ဖွဲ့တွေရဲ့ လှုပ်ရှားစစ်ကြောင်းတွေဟာ ရှမ်းပြည်နယ်အတွင်း ပိုမို လှုပ်ရှားလာနေသလိုပဲ ဒေသတွင်း ပြည်သူတွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ကြုံတွေ့လာနေကြရတယ်လို့လည်း စိုင်းဆိုင်မိန်းက ပြောပါတယ်။

“အရှေ့အလယ်ပိုင်းတိုင်း အသစ်ဆောက်တဲ့ ကွန်ဟိန်းဖက်ပေါ့နော်။ အဲဒီဖက်မှာ ရှိတဲ့တပ်တွေနဲ့ တခါတရံ ထိပ်တိုက်ဖြစ်ပြီးတော့ ပစ်တာလည်း ရှိပါတယ်။ စစ်ကြောင်းတွေ ရှမ်းပြည်ထဲမှာ အများကြီး ထိုးလာတယ်။ ပြီးတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့လည်း မဖြေရှင်းချင်ဘူး။ စစ်ရေးနဲ့ပဲ ဖြေရှင်းရတယ်။ အဲဒါကြောင့်မိုလို့ ဒီလို တိုက်ပွဲဖြစ်ခြင်းဟာလည်း ပြည်သူတွေကိုလည်း ဒုက္ခဖြစ်စေတာပေါ့နော်။ သူတို့ရဲ့ စစ်ကြောင်းတွေကြောင့်လည်း ပြည်သူတွေ အများကြီး ဒုက္ခရောက်တယ်။ ဘာလို့လဲဆိုတော့ ဒီစစ်ကြောင်းတွေကလည်း ရောက်တဲ့ ရွာတိုင်းလည်း သူတို့က အဓမ္မပေါ့လေ ပြည်သူတွေရဲ့ ပစ္စည်းသွားယူတာမျိုးပေါ့။ ပေါ်တာဆွဲတာမျိုး ရှိတာပေါ့နော်။”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org