ဟားခါးက တပ်စခန်းသုံးခုကို ချင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဟားခါးမြို့နဲ့ မိုင်နှစ်ဆယ်အကွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းသုံးခုကို (CNA) နဲ့ (CDF) ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဥ်။ Chinland Information Center

ချင်းပြည်နယ် ဟားခါးမြို့နဲ့ မိုင်နှစ်ဆယ်အကွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းသုံးခုကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ပူးပေါင်းတပ်တွေက ဇူလိုင်လ ၂၂ ရက် ဒီနေ့မနက်မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

ဟားခါး-ထန်ထလန် ကားလမ်းပေါ်မှာရှိတဲ့ တပ်စခန်းလေးခုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျန်နေတဲ့တပ်စခန်းတစ်ခုကိုလည်း ဆက်လက်တိုက်ခိုက်နေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

“ဒီနေ့ မနက်မိုးမလင်းခင်တိုက်တာ အခု စခန်းသုံးခုရထားတယ်။ နောက်တစ်ခုကိုလည်း ဆက်တိုက်နေဆဲဖြစ်တယ်။ ဟားခါးကနေ လက်နက်ကြီးနဲ့ပစ်တယ်။ စစ်ကူလည်းလာတယ်။ ရွာဘက်မှာ လက်နက်ကြီးကျတာလည်း ရှိတယ်”

အဲဒီတပ်စခန်းလေးခုပေါင်းမှာ အင်အားတစ်ရာခန့်ရှိပြီး လက်ရှိမှာ စစ်ကောင်စီတပ်သားတစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိထားသလို လက်နက်တချို့လည်း သိမ်းဆည်းထားနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇူလိုင် ၂၀ ရက်နေ့ကလည်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha က ဟားခါးမြို့ ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဥ်းသား အချုပ်သား ၆၂ ဦးကို ကယ်ထုတ်ခဲ့သလို လက်နက်တချို့လည်း သိမ်းဆည်းရမိတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org