စစ်ကောင်စီကို လေပိုင်နက်အသုံးပြုခွင့်မပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တောင်းဆို
အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီတပ်ကို လေကြောင်းတိုက်ခိုက်မှုအတွက် လေပိုင်နက်အသုံးပြုခွင့်မပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၇ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
-
RFA Burmese
2023-01-17 -
-
-
အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီတပ်ကို လေကြောင်းတိုက်ခိုက်မှုအတွက် လေပိုင်နက်အသုံးပြုခွင့်မပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၁၇ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယ - မြန်မာနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်ရှိရာ ဝိတိုရိယစခန်း (Camp Victoria) ကို ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အိန္ဒိယနိုင်ငံရဲ့ လေပိုင်နက်ကိုအသုံးပြုခဲ့တယ်လို့ NUG က ပြောပါတယ်။
အိန္ဒိယအာသံရိုင်ဖယ်တပ်က သူတို့ နယ်မြေထဲကို ဗုံးကျရောက် ပေါက်ကွဲခဲ့တာ မရှိဘူးလို့ပြောဆိုထားပေမယ့် လေပိုင်နက် အသုံးပြုတဲ့ကိစ္စနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြောတာမရှိသေးပါဘူး။
စစ်ကောင်စီတပ်က၂၀၂၂ ခုနှစ်အတွင်းမှာလည်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ လေပိုင်နက်တွေကို အသုံးပြုပြီး တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူတို့ရဲ့အသက်အိုးအိမ်တွေ ဘေးကင်း လုံခြုံရေးကိုရှေးရှုပြီး အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို တိုက်ခိုက်မှုတွေအတွက် လေပိုင်နက်အသုံးပြုခွင့်မပေးဖို့ NUG က တောင်းဆိုခဲ့တာပါ။
အရပ်သားတွေနဲ့ အများပြည်သူပိုင် အဆောက်အအုံတွေကို တိုက်ခိုက်မှုကို ဆန့်ကျင် ရှုတ်ချထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် - ၂၆၆၉ အရ အခုလို တောင်းဆိုတာလို့ NUG က ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကလည်း ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လေကြောင်းတိုက်ခိုက်မှု မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီတိုက်တွန်းမှုကို စစ်ကောင်စီဥက္ကဋ္ဌက ချက်ချင်းပယ်ချခဲ့ပါတယ်။