တီကျစ်ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်ကြောင်း နောင်တ ရားဈေးနေ့မှာ လှုပ်ရှားမှုပြုလုပ်
ရှမ်းပြည်နယ် ပင်လောင်းမြို့ နောင်တရား မြို့နယ်ခွဲမှာရှိတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံကို ကန့်ကွက်ကြောင်း ရှမ်းပြည်နယ် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ ဒေသခံ ၂ဝ ကျော်က ဒီကနေ့ နောင်တ ရားဈေးနေ့မှာ လက်ကမ်းစာဆောင်တွေဝေပြီး လှုပ်ရှားမှုပြု လုပ်ခဲ့ပါတယ်။
-
2016-11-03 -
-
-
ရှမ်းပြည်နယ် ပင်လောင်းမြို့ နောင်တရားမြို့နယ်ခွဲမှာရှိတဲ့ တီကျစ်ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်ကြောင်း ရှမ်းပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံ ၂ဝ ကျော်က ဒီကနေ့ နောင်တရားဈေးနေ့မှာ လက်ကမ်း စာဆောင်တွေဝေပြီး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
တီကျစ်ကျောက်မီးသွေးစက်ရုံကို စမ်းသပ်လည်ပတ်နေတာတွေ ရှိနေတဲ့အတွက် ကန့်ကွက် တာဖြစ်ကြောင်း တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂ(မြန်မာနိုင်ငံ) က ကိုဝင်းရှိန်မြတ် က ပြောပါတယ်။
"ဘာကြောင့်လုပ်ရတာလဲဆိုရင် ကျွန်နော်တို့ ဒီတီကျစ်ဒေသမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံက သူတို့ ပြန်လည်ပြီးတော့ လည်ပတ်ဖို့ စမ်သပ်မောင်းနှင်နေတာတွေရှိတယ်။ ပြည်ထောင်စုအစိုးရနဲ့ ရှမ်းပြည်နယ်အစိုးရကလည်း ဒီလ ၁၅ ရက်နေ့အထိကို သူတို့ ၁ လ စမ်းသပ်လည်ပတ်ခွင့် ပေးထားတယ်။ အဲဒီအပေါ်မှာလည်း ပြည်သူလူထုဒေသခံတွေက ကျေနပ်မှုတွေ မရှိနေဘူး။ ပြီးလို့ရှိရင်လည်း ဒီစက်ရုံမှာ EIA , SIA ကိုလည်း သေချာလုပ်ထားတာမရှိဘူး။ ပြည်သူလူထုကိုလည်း ဘာမှချပြထားတာမရှိဘူး။ အဲဒီအပေါ်မှာ ကျွန်နော်တို့က ကန့်ကွက်တဲ့အနေနဲ့ ဒီကမ်ပိန်းကို စလုပ်ဖြစ်တာပါ"
အဲဒီလှုပ်ရှားမှုမှာ ကျောက်မီးသွေးစက်ရုံကနေ ထွက်လာတဲ့ အခိုးအငွေ့တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ ကို ရေးသားဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေ စတစ်ကာတွေကို ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။
အလားတူ လှုပ်ရှားမှုတွေကို တီကျစ်ကျေးရွာမှာ လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်သလို နိုဝင်ဘာလ ၈ ရက်နေ့မှာ နန့်တိမ်းကျေးရွာမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိတဲ့ တောင်ကြီး မြို့နဲ့ အောင်ပန်းမြို့တွေမှာပါ ဆက်လက်လှုပ်ရှားသွားမယ်လို့ ပြောပါတယ်။
အရင်အစိုးရလက်ထက်က လျှပ်စစ်ဓာတ်အားထုတ်ခဲ့တဲ့ တီကျစ်ကျောက်မီးသွေးလျှပ်စစ်စက်ရုံက ထွက်လာတဲ့ မီးခိုးငွေ့တွေ၊ ပြာတွေကြောင့် ဒေသခံတွေမှာ နာတာရှည်ရောဂါဝေဒနာတွေ ခံစားရတာ၊ စိုက်ပျိုးသီးနှံတွေ ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် နောက်တစ်ကြိမ် စက်ရုံလည်ပတ်မှာကို ဒေသခံတွေက စိုးရိမ်နေ တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်က တရုတ်ကုမ္ပဏီတစ်ခုကို ၂၂ နှစ် လုပ်ကိုင်ခွင့်ချထားပေးခဲ့တာ ဖြစ်ပါတယ်။ တီကျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ၂ဝဝ၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်မှာ လည်ပတ်ခဲ့ပါတယ်။ အကြီးစားပြင်ဆင်ဖို့အတွက် ၂ဝ၁၄ ခုနှစ်မှာ ရပ်နားခဲ့ပြီး အခုတစ်ကြိမ်မှာ စမ်းသပ် လည်ပတ်နေတာဖြစ်ပါတယ်။