နတ်တလင်းမြို့နယ်မှာ စစ်မှုထမ်း ထောက်ပံ့ဖို့အတွက် ငွေကြေးကောက်ခံမှုတွေ ရှိနေ

နတ်တလင်းမြို့နယ်က လှပခြင်းကျေးရွာအုပ်စုမှာ စစ်မှုထမ်းဆောင်သူတွေကို ငွေကြေးထောက်ပံ့ဖို့ဆိုပြီး အောက်တိုဘာ ၁၀ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေက အိမ်ထောင်စုတစ်ခုကို ကျပ်နှစ်သောင်းအထိ လိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့ကို တွေ့ရစဉ်။ Facebook/ Paungde News

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်က လှပခြင်းကျေးရွာအုပ်စုမှာ စစ်မှုထမ်းဆောင်သူတွေကို ငွေကြေးထောက်ပံ့ဖို့ဆိုပြီး အောက်တိုဘာလ ၁၀ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တွေက အိမ်ထောင်စုတစ်ခုကို ကျပ်နှစ်သောင်းအထိ လိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုကို ကျပ်ငွေ တစ်သောင်း သတ်မှတ်ထားပြီး လယ်၊ ယာ ပိုင်ဆိုင်တဲ့ ငွေကြေးတတ်နိုင်သူ အိမ်ထောင်စုတွေကိုတော့ ကျပ်နှစ်သောင်း သတ်မှတ် ကောက်ခံနေတာလို့ ဆိုပါတယ်။

ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ရပ်ရွာထဲမှာ မိုက်နဲ့ လှည့်အော်ပြီး ငွေကြေးကောက်ခံနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"ရွာထဲမှာ အုပ်ကြီးအဖွဲ့က ဆိုင်ကယ်စီး ပတ်အော်နေတာဗျ။ သူတို့က ဘယ်လိုအော်လဲဆိုတော့ စစ်မှုထမ်းဆောင်သူတွေကို ငွေကြေးထောက်ပံ့ဖို့ အိမ်ထောင်စုတိုင်း ပိုက်ဆံ မဖြစ်မနေထည့်ရမယ်။ မနေ့က ၁၀ ရက်နေ့က ပိုက်ဆံ နောက်ဆုံးထည့်ရမယ်ပေါ့၊။ မထည့်ရင် မိမိတာဝန်သာဖြစ်တယ်ပေါ့ဗျာ။ အခုကာလက အကုန်လုံး ကျပ်တည်းချိန်ဆိုတော့ ကြိမ်ဆဲ ထည့်နေရတာဗျ"

မနေ့က သတ်မှတ်နောက်ဆုံးရက်အထိ ငွေကြေးမထည့်ဝင်သူတွေကို ဒဏ်ကြေးအနေနဲ့ နှစ်ဆတိုး ကောက်ခံမဲ့အကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ကြေညာခဲ့တယ်လို့ သူက ပြောပါတယ်။

လှပခြင်းကျေးရွာအုပ်စုမှာ ချောင်းနား၊ သရက်ကုန်း၊ ပန်ဘဲတန်းနဲ့ ဆယ်အိမ်တန်းရွာတွေရှိပြီး အိမ်ခြေ စုစုပေါင်း ရှစ်ရာခန့်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဒီမနက် တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း လှပခြင်းရွာက လူငယ်တစ်ဦးကို စစ်ကောင်စီက စစ်မှုထမ်းဆောင်ဖို့ ဖမ်းဆီးခဲ့ပြီး ငွေကျပ် ၇၅ သိန်းနဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူတိုင်း အနောက်ခြမ်းက မြို့နယ်တွေမှာ စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၆) အတွက် စစ်မှုထမ်းဆောင်ဖို့ လူငယ်တွေကို နေအိမ်တွေထဲအထိ လိုက်လံဖမ်းဆီးတာနဲ့ လူသစ်စုဆောင်းတာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org