တမူးမှာ စစ်သားစုဆောင်းမှုကြောင့် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အခုနိုဝင်ဘာလအတွင်း စစ်မှုထမ်းဖို့ လူငယ်သုံးဆယ်ခန့် ဖမ်းဆီးစုဆောင်းခံထားရပြီး နောက်ထပ် ဖမ်းဆီးမှုတွေရှိလာမှာ စိုးရိမ်တာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြောပါတယ်။
-
RFA Burmese
2024-11-19 -
-
-
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အခုနိုဝင်ဘာလအတွင်း စစ်မှုထမ်းဖို့ လူငယ်သုံးဆယ်ခန့် ဖမ်းဆီးစုဆောင်းခံထားရပြီး နောက်ထပ် ဖမ်းဆီးမှုတွေရှိလာမှာ စိုးရိမ်တာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြောပါတယ်။
ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က လူငယ်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိတာကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်ပြီး အိန္ဒိယနိုင်ငံထဲအထိ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတာလို့ တမူးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဖမ်းအဆီးတော့ ဒီရက်ပိုင်း ပိုများတယ်။ အဓိကလူငယ်တွေကို ဖမ်းတာပေါ့။ စစ်မှုထမ်းဖို့ စစ်သင်တန်းကို ပို့ခံတယ်လို့ ကြားရတယ်။ အဲဒါကြောင့် လူငယ်တွေလည်း ကြောက်ပြီးတော့ ရှောင်ကြတာ၊ ကလေးဘက်တို့၊ အိန္ဒိယဘက်တို့ ရှောင်ကြရတာပေါ့"
ဖမ်းဆီးခံရတဲ့သူတွေထဲမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ ဆင့်ခေါ်စာရတဲ့သူတွေအပြင် ဆင့်ခေါ်စာမရတဲ့လူငယ်တွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ တမူးဒေသခံ လူငယ်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးအဖွဲ့၀င်တွေက ညအချိန်မှာ တမူးမြို့ပေါ်က နေအိမ်တွေကို တစ်အိမ်တက်ဆင်း ဖမ်းဆီးတာမျိုးအထိ လုပ်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်တဲ့ ဖေဖော်ဝါရီလကစလို့ တမူးမြို့မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံရသူ လူငယ် ခုနစ်ဆယ်ခန့် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။