ရန်ကုန်က မြို့နယ်တချို့မှာ စစ်ဘေးဒုက္ခသည်တွေကို စာရင်းကောက်နေ

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် ရန်ကုန်မြို့ကို နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဩဂုတ်လ ဒုတိယအပတ်ကစလို့ စာရင်းကောက်ယူနေတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ Facebook/ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် ရန်ကုန်မြို့ကို နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဩဂုတ်လ ဒုတိယအပတ်ကစလို့ စာရင်းကောက်ယူနေတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

စမ်းချောင်းမြို့နယ်ထဲမှာ ဩဂုတ်လ ၁၁ ရက်နေ့က မန္တလေး၊ ပြင်ဦးလွင် စတဲ့မြို့နယ်တွေက နေရပ်စွန့်ခွာလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ရပ်ကွက်ရုံးမှာ စာရင်းလာပေးဖို့ ကြေညာတာတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စမ်းချောင်းမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“သူတို့ ရုံးကိုသွားပြီး အကြောင်းကြားရတယ်။ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိတဲ့၊ လာပြီးစာရင်းပေးပါဆိုပြီးတော့ လော်စပီကာနဲ့ အော်တာ”

စစ်ဘေးဒုက္ခသည်တွေကို ရပ်ကွက်ရုံးမှာ စာရင်းပေးပြီးနောက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးတွေကနေ လူဦးရေစာရင်း ကောက်နေတာဖြစ်တယ်လို့ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးကတော့ ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်တဲ့အခါ စစ်ဘေးဒုက္ခသည်အဖြစ် သီးခြား စာရင်းပေးသွင်းခဲ့ရတဲ့အကြောင်း RFA ကို ပြောပါတယ်။

အဲဒီလို စာရင်းတွေကောက်ယူနေတာက ဘာကြောင့်လဲဆိုတာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်ဘေးဒုက္ခသည်တွေကို အသိပေးရှင်းလင်းတာမရှိဘူးပြောလို့ဆိုပါတယ်။

သန်လျင်မြို့နယ်မှာလည်း ရပ်ကွက်တချို့မှာ စစ်ဘေးဒုက္ခသည်စာရင်းတွေ ကောက်ယူနေပြီး ဧည့်စာရင်း တိုင်ကြားမှုကိုလည်း အရင်ကထက် စစ်ဆေးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဋ္ဌေးအောင်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်စာမျက်နာတွေမှာတော့ စမ်းချောင်းမြို့နယ်မှာ နေရပ်စွန့်ခွာလာသူတွေကို စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးက စာရင်းကောက်ယူနေတဲ့အကြောင်း ဩဂုတ်လ ၁၃ ရက်နေ့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org