ကောလင်း ရေကြီး
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ လွန်ခဲ့တဲ့ ၄၄ နှစ်က တစ်ခါဖြစ်ခဲ့ဖူးတဲ့ အတိုင်း အောက်ရေက အထက်ဘက် ဆန်တက်ပြီး ဇူလိုင်လ ၁၈ ရက် စနေနေ့ မနက် ကစ ရေကြီးလာတဲ့အတွက် ကုန်းမြင့်တဲ့ရွာတွေကို လူနဲ့ ကျွဲနွားတွေ ရွှေ့ပြောင်းနေချိန်မှာ ဆန်ဂိုဒေါင်တွေ ရေ နစ်မြုပ်ကုန်တယ်လို့ ဒေသခံတွေကပြောပါတယ်။
-
2015-07-18 -
-
-
Your browser doesn’t support HTML5 audio
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ လွန်ခဲ့တဲ့ ၄၄ နှစ်က တစ်ခါဖြစ်ခဲ့ဖူးတဲ့အတိုင်း အောက်ရေက အထက်ဖက် ဆန်တက်ပြီး ဇူလိုင်လ ၁၈ ရက် စနေနေ့မနက်ကစ ရေကြီးလာတဲ့အတွက် ကုန်းမြင့်တဲ့ရွာတွေကို လူနဲ့ ကျွဲနွားတွေ ရွှေ့ပြောင်းနေချိန်မှာ ဆန်ဂိုဒေါင်တွေ ရေနစ်မြုပ်ကုန်တယ်လို့ ဒေသခံတွေကပြောပါတယ်။
မြောက်ဘက်ကတောင်ဘက် စီးလာတဲ့ရေအဟုန်ဟာ ကြားမှာ အရှေ့အနောက်ကန့်လန့်ဖြတ် စီးနေတဲ့ချောင်းနဲ့ သွားဆုံချိန်မှာ အောက်ကိုဆက်မစီးနိုင်ပဲ အထက်ကိုဆန်တက်ပြီး ရေကြီးရတာလို့ မင်းကုန်းရွာက ဦးထွန်းရီ က ပြောပြပါတယ်။
"အထက်ကရေကျများပြီးတော့မှ တဖြေးဖြေနဲ့တက်လာလိုက်တာ အထက်ကကျလာတဲ့ ခေါ့ပင်တို့၊ ရွှေလံတို့ အရှေ့ဘက်ဆိုလို့ရှိရင် စင်းလင်းချောင်းတို့ ဆုံပြီးတော့မှကျလာတယ်၊ ကုန်းမြင့်ဒေသကိုပြောင်းရွေ့နေ ကြရတယ် အခုအချိန်အထိအောင် ပြောင်းရရွေ့ရတုန်း၊ ကျနော်တို့ငယ်စဉ်က ၃၃ ခုနှစ်က ဒါမျိုးဖြစ်ဖူးပါတယ်"
ဒီလိုမျိုး မြန်မာသက္ကရာဇ် ၁၃၇၇ ခု ခရစ်နှစ် ၁၉၇၁ ခုတုန်းက တစ်ကြိမ်ဖြစ်ပွားဖူးတယ်လို့လည်း ပြောပါတယ်။
ဘုတလင်မြို့နယ်မှာတော့ ဇူလိုင် ၁၆ ရက် ညနေပိုင်းကစပြီး မိုးအဆက်မပြတ် ရွာသွန်းတဲ့အတွက် တောင်ကျင်းရွာ နားက သစ်ခဲချောင်းရေလှောင်တမံဟာ စနေနေ့ မနက် ၂ နာရီလောက်က ကျိုးပေါက်သွားတဲ့အတွက် တမံအောက် မှာရှိတဲ့ တောင်ကျင်း၊ ဂွေးပင်ကျင်း၊ လက်ယက်တွင်းနဲ့ အင်ကြင်းရွာတွေမှာ ရေကြီးသွားပါတယ်။
ကာဘိုးဆည်ကနေ မူးမြစ်ထဲရေလွှတ်လိုက်တဲ့အတွက် မူးမြစ်ရိုးမှာရေကြီးရတယ်လို့လည်း ဒေသခံတွေ က ပြောပါတယ်။
ဒီပဲရင်း၊ ရေဦး၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေမှာလည်း ချောင်းတွေရေလျှံရုံမက ကန့်ဘလူမြို့နယ်၊ အင်းမရွာနား က မင်းမြင်ဆည်ရေမြင့်တက်ပြီး ရေထုတ်ပစ်ရတဲ့အတွက် ဆည်အနီးတစ်ဝိုက်က ချပ်သင်း၊ အင်းမတောင် ၊ ညောင်ကုန်းနဲ့ ဟင်သော်ရွာတွေ ရေနစ်မြုပ်ကုန်ပြီး ရွာသားတွေ ရေဘေးလွတ်ရာ ပြောင်းရွှေ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကုန်းရွာက ဦးထွန်းရီကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။