စစ်ကောင်စီထုတ်ပြန်တဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဗီဒီယို ယုံကြည်သူ နည်းပါး

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.03.23

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်တဲ့ မနေ့က သတင်းစာရှင်းပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိသာ ပေးခဲ့ကြောင်း ထွက်ဆိုထားတဲ့ သက်သေပါဆိုပြီး ဗီဒီယိုဖိုင်တခုကို ပြသခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဟာ ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီးထားတာဖြစ်တယ်လို့ ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။ NLD ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော် ကတော့ မြန်မာပြည်သူတွေက စစ်အုပ်စုကို ယုံကြည်မှုမရှိပါဘူးလို့ ဝေဖန်ပါတယ်။

“ကိုဖြိုး ပြောတယ်ဆိုရင် ဒါကို ကျနော့်အနေနဲ့ သူ့ရဲ့သစ္စာနဲ့ သူ့ရဲ့သမာဓိကို ယုံကြည်တဲ့အတွက်ကြောင့် သူ့အပေါ် အင်မတန်ကြီးမားတဲ့ ဖိအားတခုခု မရှိဘဲနဲ့တော့ ဒီလိုမျိုး ပြောလိမ့်မယ်လို့ ကျနော် မယူဆဘူး။ ဒုတိယအချက်အနေနဲ့ အန်တီ အမေဒေါ်အောင်ဆန်းစုကြည်- သူ့အပေါ်ကို ကျနော်တို့ ဘာမှ သံသယပွားစရာ အကြောင်းမရှိဘူး။ အန်တီစုအနေနဲ့ ငွေရေးကြေးရေး ပိုင်းဆိုင်ရာကိစ္စတွေမှာ ဘယ်တော့မှ အစွန်းထင်းမခံခဲ့ဘူးဆိုတာ ကျနော်တယောက်ထဲတင် မဟုတ်ဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ အားလုံးနီးပါး သိပြီးသား လေးလဲ လေးစားပြီးသား ယုံလဲ ယုံကြည်ပြီးသား၊ ဒါကြောင့် အကြမ်းဖက်စစ်အုပ်စုက ဘယ်လိုမျိုးပုံစံနဲ့ စွပ်စွဲပါစေ ဒါကို ကျနော်တို့ ခေါင်းထဲထည့်နေစရာ အကြောင်းမရှိဘူး”

ကျန်းမာရေးအရ နှလုံးရောဂါရှိတဲ့ ဦးဖြိုးမင်းသိန်းဟာ ခြိမ်းခြောက်နှိပ်စက်မှုတွေခံစားခဲ့ရဖွယ်ရှိတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အဲဒီလိုရဲတွေလက်ထဲ ထွက်ဆိုမှုဟာ ဥပဒေရှုထောင့်အရ တရားမဝင်ဘူးလို့ ပြောပါတယ်။

“တရားရုံးမှာ သူက တရားလိုပြသက်သေ ဖြစ်မှာပဲ။ အဂတိလိုက်စားမှု ကော်မရှင်က တရားလိုလုပ်ပြီး စွဲတဲ့အခါ ဖြိုးမင်းသိန်းက တရားလိုပြသက်သေ ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ သက်သေတယောက်က ရဲထံ သက်သေထွက်ချက်က သက်သေခံ မဝင်ဘူး။ နောက် သူဟာ အကျဉ်းကျတဲ့အခါမှ သွေးဆောင် ဖြားယောင်းနှိပ်စက်မှု မရှိဘူးလို့ ပြောလို့မရဘူး။ အဲဒီသက်သေထွက်ဆိုချက်တွေက တရားရုံးမှာ လာထွက်မယ်ဆိုရင် သက်သေခံမဝင်ဘူး။ သူတို့က ဖြိုးမင်းသိန်းကို ဘယ်မှာထားလဲ။ ဘယ်လိုစစ်ခဲ့တာလဲ။ ဘယ်နေရာမှာရခဲ့တာလဲ။ ဒီအခွေကရော ဘယ်လိုဖမ်းတာလဲ။ တကယ်လို့ တရားရုံးတင်လာရင်လဲ ရှေ့နေက ဒါတွေကိုမေးဖို့ရှိတယ်လေ၊ ဒီသက်သေဟာ စိတ်ဓာတ်ရေးရာအရ ကြီးမားနှိပ်စက်ခံရတယ်။ ကိုယ်ခန္ဓာနဲ့ ရုပ်အရ နှိပ်စက်ခံရတယ်ဆိုတဲအကြောင်းကို ခုခံချေပဖို့အတွက် လုံလောက်တဲ့ သက်သေအထောက်အထားရှိတယ်။ ဥပဒေအရ အဲလိုပြောနိုင်ပါတယ်။ နောက်တခုကတော့ နိုင်ငံရေးအမြင်နဲ့ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချဖို့အတွက် တမင်ကိုလုပ်တယ်၊ ဒါ နိုင်ငံရေးအရ မလျော်ကန်ဘူးပေါ့နော် ပြည်သူလူထုကလဲ ဒါကို လက်ခံမှာမဟုတ်ဘူး”

ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ကလည်း NLD အစိုးရဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက်လုပ်ဆောင်ခဲ့တဲ့ အစိုးရဖြစ်တယ်လို့ ပြောပါတယ်။

“ကိုယ်လိုချင်တဲ့ပုံစံကို သူတို့ ဆင်ထားပြီးသား ဇာတ်လမ်းတခုကိုပဲ ဒါ ဗီဒီယိုနဲ့ ပြတာပဲ။ စစ်အစိုးရအောက်မှာ စစ်ကြောတာ အားလုံးက ဖိအားပေးတာရယ် စိတ်ပိုင်း ရုပ်ပိုင်း Physical, Mental torture နှိပ်စက်တာ လုပ်လေ့ရှိတယ်။ NLD ပါတီ ရဲ့ ၅ နှစ်တာ သက်တမ်းမှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ရဲ့ အဂတိလိုက်စားမှု အပါအဝင် တခြားသက်ဆိုင်ရာဌာနမှာရှိတဲ့ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ပြီး အရေးယူဆောင်ရွက်ခဲ့တာ တွေ့ရတယ်။ အဂတိလိုက်စားမှု နဲ့ ပတ်သက်ပြီး သမ္မတကြီး ဦးဝင်းမြင့်ရော ဒေါ်အောင်ဆန်းကြည်ရောက ထိထိရောက်ရောက် ကိုင်တွယ်ထားပြီးတဲ့သူ။ ပြည်သူလူထုကလည်း ဒီအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ကို ထောက်ခံပေးထားတဲ့ အစိုးရတရပ်က ဒီလောက်ရုပ်ပျက်ဆင်းပျက်ပုံသဏ္ဍာန်ကြီးကို ဖန်တီးထားတယ်ဆိုတာ လူတိုင်းက သိကြပါတယ်။ သတင်းစာရှင်းပွဲကြီးကဗျာ ဟာသပြက်လုံးကြီးကို ကြည့်ရသလိုပါပဲ”

စစ်ကောင်စီကျင်းပနေတဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ လိမ်ညာချဲ့ကားပြောဆိုမှုတွေနဲ့ ခြိမ်းခြောက်မှုတွေ ဖုံးလွှမ်းနေပြီး တက်ရောက်တဲ့ သတင်းထောက် တချို့ကလည်း အာဏာရှင်တွေအလိုကျ ပြောဆိုမှုတွေ ရှိနေတယ်လို့ ပြည်တွင်းပြည်ပ ဝေဖန်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။