၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်း စတင်ကောက်ယူ
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီလကစပြီး ၅ လအတွင်း အပြီးကောက်ယူသွား မှာဖြစ်တယ်လို့ သိရပါတယ်။
-
2014-11-07 -
-
-
Your browser doesn’t support HTML5 audio
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ဒီလကစပြီး ၅ လအတွင်း အပြီးကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာရှိတဲ့ အိမ်ထောင်စုစာရင်းတွေကို အခြေခံပြီး ကောက်ခံ သွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောပါတယ်။
"ကျနော်တို့ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနကို အုပ်ချုပ်ရေးရုံးတွေမှာရှိတဲ့ အိမ်ထောင်စုစာရင်းတွေကို Up-to-date ဖြစ်အောင်လို့ ဆောင်ရွက်ထားရှိဖို့လည်း ကျနော်တို့ ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပါတယ်၊ အခြေခံမဲစာရင်း ကျနော်တို့ယူမယ်၊ ကွန်ပျူတာထဲ ထည့်မယ်၊ ပြီးလို့ရှိရင် အဲ့ဒါတွေကို ရပ်ကွက်တွေမှာ အခြေခံမဲစာရင်းကို ကပ်ထားပြီး ကြေငြာပေးပါမည် ခင်ဗျာ၊ ပြီးရင် ရပ်ကွက်မှာရှိတဲ့သူတွေက သူတို့တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာတွေနဲ့ ကျနော်တို့ တင်သွင်းဖို့နေ့ရက်တွေ သတ်မှတ်ပြီးတော့ ကျနော်တို့ ပြင်ဆင်ခိုင်းပြီးပါပြီ"
လက်ရှိကော်မရှင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းက လသာ၊ ဗိုလ်တထောင်၊ ဒဂုံ၊ ကျောက်တံတား စတဲ့မြို့နယ် ၁၀ မြို့နယ်က မဲပေးခွင့်ရှိသူစာရင်းကို စတင်ကောက်ခံနေပြီး နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တချို့မှာ ဆက်လက်ကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။
အိမ်ထောင်စုစာရင်းတွေကို အခြေခံပြီးကောက်ယူမှာဖြစ်တာကြောင့် သေဆုံးသူတွေလည်း မဲစာရင်းထဲမှာ ပါလာနိုင်တယ်လို့ ဦးလှမောင်ချိုက ဆိုပါတယ်။
ဒါကြောင့် ကော်မရှင်က မဲပေးခွင့်ရှိသူစာရင်း ထုတ်ပြန်တဲ့အခါ မဲဆန္ဒရှင်တွေက သွားရောက်ကြည့်ရှုဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းလောက်မှာ ကျင်းပမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောထားပါတယ်။
မဲပေးခွင့်ရှိသူစာရင်း ကောက်ယူမှုအဆင့်ဆင့်နဲ့ ပတ်သက်ပြီး ကော်မရှင်ညွှန်ကြားရေးမှူး ဦးလှမောင်ချိုကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။