မဲပေးသူ ထောင်ဂဏန်းရှိတဲ့ မဲရုံကို ဝန်ထမ်းအင်အားပိုချထားဖို့ ကော်မရှင်ပြင်ဆင်နေ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ့်သူ တစ်ထောင်ထက်ကျော်ရင် အဆိုင်းခွဲပြီး ဆန္ဒမဲပေးနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်နေပါတယ်။

တာမွေမြို့နယ် မဲဆန္ဒနယ် မဲရုံအမှတ် (၃) မှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က မဲရေတွက်နေစဉ်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ့်သူ တစ်ထောင်ထက်ကျော်ရင် အဆိုင်းခွဲပြီး ဆန္ဒမဲပေးနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်နေပါတယ်။

သြဂုတ် ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ ဆွေးနွေးပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ပြောကြားချက်တွေကို မနေ့က သတင်းထုတ်ပြန်ခဲ့တာပါ။

ကော်မရှင်ဟာ ကပ်ရောဂါကာလအတွင်း ကာကွယ်ရေးအစီအစဉ်တွေကို ကြိုတင်စီမံ ဆောင်ရွက်နေပြီး မဲရုံ တည်ဆောာက်ရာမှာ ကျယ်ဝန်းတဲ့အဝန်းအဝိုင်းဖြစ်ဖို့၊ မဲဆန္ဒရှင်တွေ တန်းစီရာမှာလုံလောက်တဲ့ အကွာအဝေး ဖြစ်အောင် စီမံထားရှိဖို့နဲ့ မဲရုံတစ်ရုံမှာ မဲဆန္ဒရှင်အရေအတွက် တစ်ထောင်ထက်ပိုနေရင် အဆိုင်း နှစ်ဆိုင်း၊ ၂ ထောင်ထက် ပိုနေရင် ၃ ဆိုင်းခွဲပြီး မဲပေးနိုင်အောင် စီစဉ်ဖို့ လိုအပ်မယ့်အကြောင်း ဦးလှသိန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

မဲရုံတစ်ရုံမှာ ပုံမှန်အားဖြင့် မဲရုံဝန်ထမ်း ၁၀ယောက်ကနေ ၁၂ ယောက်အထိ တာဝန်ယူရတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲပေးသူ တစ်ထောင်ကျော်တဲ့ မဲရုံတွေမှာ တစ်ရုံကို ဝန်ထမ်း ခြောက်ယောက်ကနေ ၈ယောက်အထိ ထပ်တိုးချဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။

မဲရုံမှာ လိုအပ်တဲ့ နှာခေါင်းစည်း နဲ့ လက်ဆေးဆပ်ပြာတွေကို ဖြန့်ဝေနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ ရွေးကောက်ပွဲလေ့လာသူတွေကို ခွင့်ပြု ထားပြီး၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့် အသိအမှတ်ပြုကတ်တွေ ထုတ်ပေးဖို့ ဆောင်ရွက်နေပြီဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ရွေးကောက်ပွဲနေ့မှာ သတင်းမီဒီယာသမားတွေ သတင်းရယူခွင့်ကို ခွင့်ပြုကြောင်းနဲ့ လျှောက်ထားနိုင်ကြောင်းကို ကြေညာချက်ထုတ်ပြန်ပေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး မဲရုံပေါင်း ၄ သောင်းကျော် လျာ ထားပါတယ်။ မဲဆန္ဒရှင်စာရင်းတွေကို ပထမအကြိမ် ကြေညာခဲ့ပြီး ဒုတိယအကြိမ်ကိုတော့ အောက်တိုဘာလမှာ ထပ်မံကြေညာမှာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org