နိုင်ငံရေးအကျဉ်းသား ဖွင့်ဆိုချက် စိစစ်ရေးကော်မတီ အတည်ပြု
သမ္မတရုံးက ဖွဲ့စည်းထားတဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ အတည်ပြုထုတ်ပြန် လိုက်ပါတယ်။
-
2013-03-14 -
-
-
သမ္မတရုံးက ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီက နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အဲဒီကော်မတီဟာ ဒီကနေ့မှာ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်မှာရှိတဲ့ My Garden စားသောက်ဆိုင်မှာ ကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ အခုလို ဆုံးဖြတ်သတ်မှတ်ခဲ့တာပါ။
ဒီအလုပ်ရုံဆွေးနွေးပွဲကို တတ်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက RFA ကို ခုလိုပြောပြပါတယ်။
"အကျဉ်းကျ နိုင်ငံရေးအကျဉ်းသား စိစစ်တော့မယ်ဆိုရင် ဘယ်လူဘယ်ပုဂ္ဂိုလ်တွေ ဘယ်ပြစ်မှုမျိုးတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မယ်ဆိုတာ အခြေခံလိုအပ်ချက်ပါ၊ အဲဒါပြီးတော့မှ နိုင်ငံရေးအကျဉ်းသားအရေအတွက် ဘယ်လောက်ရှိလဲ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆက်ပြီးတော့ညှိနှိုင်းရမယ်၊ အခြေခံအကျဆုံးကတော့ နိုင်ငံရေးအကျဉ်းသားကို အဓိပ္ပါယ်ဖွင့်ဆိုဖို့လိုတယ်"
အဲဒီဆွေးနွေးပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသား အသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံသားမည်သူမည်ဝါမဆို နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးဖြစ်ထွန်းစေမှုကို ယုံကြည်လို့ဖြစ်စေ၊ နစ်နာဆုံးရှုံးနေတယ်ဆိုပြီး ယုံကြည်လို့ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဍာန်အမျိုးမျိုးကိုဆောင်ရွက်လို့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ၊ အဲဒီဆောင်ရွက်ချက်တွေနဲ့ ဆက်စပ်ပြီး စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူတွေ၊ အစိုးရရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတရပ်ရပ်က နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပြစ်မှုကြောင်းအရ အရေးယူခံရသူ မည်သူ့ကိုမဆို နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ကြောင်း အဲဒီဆွေးနွေးပွဲအပြီးမှာ အခုလို ထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်သတ်မှတ်ဖွင့်ဆိုချက်ကို နောက်ကျင်းပမယ့် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဆွေးနွေးပွဲမှာ တင်ပြသွားမယ်လို့လည်း သိရပါတယ်။
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ခေါင်းဆောင်ပြီး ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှု့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီအချို့က တာဝန်ရှိသူတွေပါဝင်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။