စစ်ဆေးခံရသူ ဆက်သွယ်ရေး ဝန်ထမ်းတချို့ မူလနေရာတွေမှာ တာဝန်ထမ်းဆောင်နေ
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာနအတွင်းက အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ပတ်သက်ပြီး နေပြည်တော် မှာ ခေါ်ယူစစ်ဆေးခံနေရတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အကြီးတန်း အရာရှိ ၈ ဦးထဲက ၇ ဦးကို အခု မတ်လဆန်း က ပြန်လွှတ်ပေးလိုက်ပြီး၊ မူလရာထူးတွေမှာ ပြန်လည် ခန့်ထားလိုက်တယ်လို့ သိရပါတယ်။
- 2013-03-05
-
-
-
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာနအတွင်းက အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အကြီးတန်း အရာရှိ ၈ ဦးထဲက ၇ ဦးကို အခု မတ်လဆန်းက ပြန်လွှတ်ပေးလိုက်ပြီး၊ မှုလရာထူးတွေမှာ ပြန်လည်ခန့်ထားလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လွတ်လာတဲ့ ဆက်သွယ်ရေး အရာရှိတွေထဲမှာ ဦးမြင့်ဦး၊ ဦးစိုးအောင်၊ ဦးစိုးမိုးနိုင်၊ ဦးခင်မောင်တင်၊ ဦးဝင်းနိုင်၊ ဦးမျိုးညွန့်အောင်၊ ဦးဌေးဝင်းတို့ ပါဝင်ပြီး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဦးသိန်းဦးကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနမှာ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွင်းက အကျင့်ပျက်လာဘ်စားမှုတွေကို ရန်ကုန် အခြေစိုက် မှုခင်းတပ်ဖွဲ့ CID က ဦးဆောင် စစ်ဆေးနေတာ ဖြစ်တယ်လို့ နေပြည်တော် ဘုရားကုန်းရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အကျင့်ပျက်လာဘ်စားမှု တစ်ချို့ကြောင့် ရာထူးက တစ်နှစ် အနားပေးခံရတဲ့ အော်တို အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မူလရာထူးနဲ့ ပြန်လည်ခန့်ထားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဒီအကျင့်ပျက်လာဘ်စားမှုနဲ့ ဆက်စပ်ပြီး တရုတ် ဆက်သွယ်ရေး ကုမ္မဏီ ZTE၊ Huawei ကုမ္မဏီတို့နဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ Elite၊ Asia Mega Link၊ တာမိုးညဲစတဲ့ ကုမ္ပဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ပါ ပြီးခဲ့တဲ့ လတွေက ခေါ်ယူစစ်ဆေးခံခဲ့ရပါတယ်။