ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲနဲ့ ကန့်ကွက်ပွဲ ရန်ကုန်မှာ တပြိုင်တည်းပြုလုပ်
ပြည်ထောင်စုလွှတ်တော်ထံ တင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထောက်ခံပွဲနဲ့ ကန့်ကွက်ပွဲကို တစ်နေ့တည်း၊ တစ်နေရာတည်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
-
2019-07-17 -
-
-
ပြည်ထောင်စုလွှတ်တော်ထံ တင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထောက်ခံပွဲ နဲ့ ကန့်ကွက်ပွဲကို တစ်နေ့တည်း၊ တစ်နေရာတည်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
ထောက်ခံကြိုဆိုပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဆရာ ဒေါင်းမာန်ဟုန်၊ ဆရာ နေမျိုးအေး (ရဲခေါင်မဲမောင်) နဲ့ ဆရာ သရဝဏ် (ပြည်) တို့က ဟောပြောခဲ့ပါတယ်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံဟာ အများပြည်သူ သဘောထား ဆန္ဒမပါဘဲ ရေးဆွဲထားတာဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ထောက်ခံတာဟာ တိုင်းရင်းသား ၁၃၅ မျိုးလုံးအတွက်ဖြစ်ကြောင်း ဟောပြောခဲ့ကြတာပါ။
အဲဒီဆန္ဒပြပွဲပြီးတဲ့နောက် နေ့လည်ပိုင်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ) မပြင်ဆင်ရေးနဲ့ သံဃာအချင်းချင်း သင်းကွဲအောင် သွေးခွဲစော်ကားနေတာတွေကို ဆန့်ကျင်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲဆိုပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သံဃာတော်အချို့ ဦးဆောင်တဲ့ အင်အား တစ်ထောင်နီးပါးဟာ ဒီကနေ့ ညနေပိုင်းမှာ မြို့မကျောင်းလမ်းက အမျိုးသားက ဇာတ်ရုံရှေ့ကနေ မဟာဗန္ဓုလမ်းပန်းခြံရှေ့ကို ချီတက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ အမျိုးဘာသာ၊ သာသနာကာကွယ် စောင့်ရှောက်ရေး၊ အမျိုးဘာသာ သာသနာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ ပုဒ်မ ၅၉(စ) ကာကွယ်ရေး၊ သာသနာနဲ့ သံဃာအချင်းချင်းသင်းကွဲအောင် စော်ကားနေသူ ရန်သူ စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
အဖွဲ့ဝင် ၄၅ ဦးပါတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဇူလိုင် ၁၅ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို စုစည်းပြီးလွှတ်တော်မှာ တင်ပြထားတာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)