ဖွဲစည်းပုံပြင်ရေး လက်ရှိလွှတ်တော် သက်တမ်းမှာ လုပ်ဆောင်မည်

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းကို လက်ရှိလွှတ်တော်သက်တမ်းအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကို အသိပေးပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် ကို ၂၀၁၉ ဒီဇင်ဘာ ၃ ရက်နေ့က လွှတ်တော်မှာ တွေ့ရစဉ် Photo: Pyidaungsu Hluttaw/RFA

ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး  ဒီသက်တမ်းအတွင်းပဲ အပြီးဆောင်ရွက်သွားမယ်လို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကို အသိပေးပြောကြားလိုက်တာပါ။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့က ဆွေးနွေးရာမှာ  ဖွဲ့စည်းပုံပြင်ဆင်ရေးကို လက်ရှိဒုတိယလွှတ်တော်သက်တမ်းအတွင်း  ပြီးစီးအောင် ဆောင်ရွက်နိုင်မလားဆိုတာကို အကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီလို မေးခွန်းထုတ် ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အခု ဒုတိယသက်တမ်းအတွင်းမှာပဲ အပြီးဆောင်ရွက်မဲ့အကြောင်း လွှတ်တော်ကို အသိပေး ပြောကြားခဲ့တာဖြစ်ပါတယ်။


ဒါ့အပြင်ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်စဉ်ကတည်းက ဒီသက်တမ်းအတွင်း ဆောင်ရွက်နိုင်မယ့်  လုပ်ငန်းတာဝန် တစ်ခုအနေနဲ့ စဉ်းစားလက်ခံပြီး လွှတ်တော်ကို တင်ပြဆောင်ရွက်ခဲ့တာဖြစ်ကြောင်းနဲ့ ကော်မတီတွင်း ဆောင်ရွက်မှုတွေကို ချပြဖို့ဆိုတာက သက်ဆိုင်ရာဥပဒေ နည်းဥပဒေနဲ့အညီ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း နာယကအနေနဲ့ ဒီအပေါ်မှာဆက်ပြီး ကြပ်မတ်ဆောင်ရွက်သွားမယ်လို့လည်း ဦးတီခွန်မြတ်က ရှင်းပြခဲ့ပါတယ်။

လက်ရှိမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီအနေနဲ့ ဥပဒေမူကြမ်းတစ်ခု အမြန်ရဖို့ ဆွေးနွေးနေပြီး အခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၀ ဇန်နဝါရီလ လယ်လောက်မှာ လွှတ်တော်ကို တင်ပြနိုင်ဖို့ ကြိုးစားနေတယ်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်က မီဒီယာတွေကို ပြီးခဲ့တဲ့လ ၂၈ ရက် က ဖြေကြားထားပါတယ်။

လက်ရှိမှာ ပူးပေါင်းကော်မတီအနေနဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဆွေးနွေးတာ အခန်း ငါးအထိ ပြီးသွားပြီလို့လည်း သူက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရဲ့ ဂျပန်ခရီးစဉ်အင်တာဗျူးတစ်ခုမှာ လက်ရှိသက်တမ်းအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်အောင်လုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ဖူးပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီက နုတ်ထွက်ထားတဲ့ အမျိုးသားညီညွတ်သော  ဒီမိုကရက်တစ် ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကတော့  ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဒီလွှတ်တော်သက်တမ်း အတွင်း  ပြီးပြတ်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင်လည်း ပါတီတစ်ခုက လိုလားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုသာဖြစ်လာမှာဖြစ်ပြီး တိုင်းရင်းသားတွေ လိုလားတဲ့ ဖွဲ့စည်းပုံတော့ ဖြစ်လာမှာမဟုတ်ဘူးလို့ သူ့အမြင် ကိုပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေ မူကြမ်း ငါးခုရှိနေပါတယ်။

NLDပါတီ ကိုယ်စားလှယ်အများစုဦးဆောင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီကတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲက စုစုပေါင်း အချက်ပေါင်း ၃၇၆၅ ချက်ကို  ပြင်ဆင်လိုတဲ့အတွက် တိုင်းရင်းသားပါတီတွေနဲ့ ညှိုနှိုင်းနေပီး အခုနှစ်ကုန်ဒါမှမဟုတ် လာမယ့် ၂၀၂၀ ဇန်နဝါရီမှာ မူကြမ်းတစ်စောင် ရေးဆွဲတင်သွင်းနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org