ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ အစီရင်ခံစာ တင်သွင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
-
2019-07-15 -
-
-
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော် မှာ တင်သွင်းလိုက်ပါတယ်။
အဖွဲ့ဝင် ၄၅ ဦးပါ အဲဒီကော်မတီကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို စုစည်းပြီး ဒီကနေ့ လွှတ်တော်မှာ တင်ပြလိုက်တာပါ။
အစီရင်ခံစာတင်သွင်းအပြီး ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အစီရင်ခံစာကို ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေ ၁၈ ရက်နေ့ စာရင်းပေးဖို့ပြောကြားပေးမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့်က အစီရင်ခံစာကို လေ့လာချိန်နည်းတဲ့အတွက် တိုးပေးဖို့ မတ်တပ်ရပ် ကန့်ကွက်ခဲ့ပါတယ်။
အဲဒီလိုကန့်ကွက်တဲ့အတွက် ကိုယ်စားလှယ်တွေ စာရင်းပေးရမယ့်ရက်ကို ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဇူလိုင် ၂၄ ရက်ကို ပြောင်းရွှေ့သတ်မှတ်လိုက်ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့တဲ့ အင်န်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဆွေးနွေးမယ့် ရက်သတ်မှတ်တာ မဟုတ်သေးဘဲ ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်အမည် စာရင်းသာ တောင်းတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီကနေ့တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာနဲ့ ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှုနဲ့ ပါဝင်တာဖြစ်ကြောင်း၊ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာဟာ ဖွဲ့စည်းပုံပါ အခန်း ၁၂ နဲ့ ကိုက်ညီမှုမရှိဘူးလို့ သဘောထားမှတ်ချက်ပြုခဲ့ပါတယ်။
တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က အစီရင်ခံစာကို ပါဝင် ဆွေးနွေးဖို့၊ မဆွေးနွေးဖို့ ဆိုတာ စဉ်းစားဆုံးဖြတ်မယ်လို့ ပြောပါတယ်။
တပ်မတော်သားကိုယ်စားလှယ်အချို့ဟာ ပူးပေါင်းကော်မတီမှာပါဝင်ပေမယ့် အဆိုပြုချက်တင်တာ၊ သဘောထား မှတ်ချက်ပြုတာ လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကို ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင် နဲ့ အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဦးမင်းကိုနိုင် က -- လွှတ်တော်အကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တေ့ွဆုံဆွေးနွေးခဲ့တာတွေအရ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်ပြင်ပနဲ့ လွှတ်တော်တွင်း ဟန်ချက်ညီအောင် ဘယ်လိုချိတ်ဆက် ဆောင်ရွက်ရမလဲဆိုတာ သဘောပေါက်နားလည်ပြီး အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ ဒီအခင်းအကျင်းဟာ အရင်တပ်မတော်အစိုးရ လက်ထက် အမျိုးသားညီလာခံကျင်းပချိန်မှာ ညီလာခံကျင်းပရေးကော်မတီက နိုင်ငံရေးပါတီတွေ၊ အခြားဖိတ်ကြားထားသူတွေရဲ့ ဆွေးနွေးချက်မှန်သမျှကို ပယ်ချတာ၊ ဆွေးနွေးခွင့်မပေးတာတွေ ရှိခဲ့ကြောင်း၊ အဲဒီတုန်းက အပြစ်တင်ခဲ့တာတွေကို ပြန်သတိရကြောင်းနဲ့ မကောင်းတာကို အတုမယူဖို့ ပြောခဲ့တဲ့စားကို မေ့နေကြပုံရကြောင်း သူ့ရဲ့ လူမှုကွန်ယက် အကောင့်မှာ ဒီနေ့ တင်ထားပါတယ်။
ဒီကနေ့ တင်သွင်းတဲ့ အစီရင်ခံစာကို ဆွေးနွေးဖို့ လာမယ့် ဇူလိုင် ၂၄ ရက်မှာ နောက်ဆုံး စာရင်းပေးရမှာဖြစ်ပြီး ဆွေးနွေးချက်တွေပေါ်မူတည်ပြီး ဖွဲ့စည်ပုံ အခန်း ၁၂ ပါ ပြဌာန်းချက်တွေနဲ့အညီ ဥပဒေကြမ်းရေးဆွဲရမယ်လို့ သိရပါတယ်။
အဲဒီလိုမူကြမ်းရေးဆွဲရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့၊ တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ဥပဒေပညာရှင်တွေရဲ့ အကြံဉာဏ်တွေရယူရမယ်လို့ ပူးပေါင်းကော်မတီက သုံးသပ်ထားပါတယ်။
(RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့သည်)