ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီ အစီရင်ခံစာမှာ ပြည်ခိုင်ဖြိုး သဘောထားမပါ

ပြည်ထောင်စုလွှတ်တော်မှာ မကြာခင်ရက်ပိုင်းအတွင်း တင်သွင်းမယ့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသဘောထား မပါဘူးလို့ ပါတီရဲ့ လွှတ်တော်အစုအဖွဲ့ခေါင်းဆောင် ဦးသောင်းအေးက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး ကို တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

ပြည်ထောင်စုလွှတ်တော်မှာ မကြာခင်ရက်ပိုင်းအတွင်း တင်သွင်းမယ့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသဘောထား မပါဘူးလို့ ပါတီရဲ့ လွှတ်တော်အစုအဖွဲ့ခေါင်းဆောင် ဦးသောင်းအေးက ပြောပါတယ်။

မနေ့ကအပြီးသတ်လိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီအစီရင်ခံစာကို လွှတ်တော်လုပ်ထုံးလုပ်နည်းတွေကြောင့် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အစီရင်ခံစာမှာပါတဲ့ ပြင်ဆင်မယ့်အချက်အလက်တွေမှာ ပြည်ခိုင်ဖြိုးပါတီက သဘောထားမှတ်ချက် ပေးမထားဘူးလို့ ဦးသောင်းအေး က ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ဖွံံ့ဖြိုးရေးပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့ဆန္ဒရှိပြီး ၂၀၀၈ အခြေခံဥပဒေ အခန်း ၁၂ မှာပါတဲ့အတိုင်း ဆောင်ရွက်သွားမယ်လို့ ဦးသောင်းအေးကပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ မနေ့တုန်းက ၂၅ ကြိမ်မြောက် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး အစီရင်ခံစာကို အပြီးသတ်အတည်ပြုခဲ့ပြီး လာမယ့်ရက်ပိုင်းမှာပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်မှာ ဖတ်ကြားသွားဖို့ရှိတယ်လို့ NLD ပါတီက ဦးအောင်ကြည်ညွှန့်ကပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို စတင်ဖွဲ့စည်းဖို့ အဆိုတင်ကတည်းက ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားတွေက အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

ဒီလို့ကန့်ကွက်ခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ကာ ကော်မတီမှာ NLD ပါတီက ၁၈ ဦး၊ တပ်မတော်သားအစုအဖွဲ့က ရှစ်ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ SNLD ပါတီက နှစ်ဦးစီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦး၊ လူနည်းစု တိုင်းရင်းသား ၁၀ ပါတီက တစ်ဦးစီပါဝင်ပြီး စုစုပေါင်း ၄၅ ဦး နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org