ဖွဲ့စည်းပုံ ဥပဒေခုံရုံး ဥက္ကဌ နေရာ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ အကြံပြု
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနေရာကို ခန့်အပ်တာဝန်ပေးဖို့ အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးမြသိန်းကိုပဲ ပေးအပ်သင့်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
-
2013-02-21 -
-
-
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနေရာကို ခန့်အပ်တာဝန်ပေးဖို့အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးမြသိန်းကိုပဲ ပေးအပ်သင့်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဥက္ကဌသူရဦးရွှေမန်းက ယခုလိုပြောကြားခဲ့ပါတယ်။
" နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်တာကြောင့် ဥက္ကဌ ရာထူးရွေးချယ်မှုတွင် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များအား ရွေးချယ်တာဝန်ပေးအပ် သင့်သည်ဟုယူဆပါသည်၊ သို့ပါသောကြောင့် ဥက္ကဌ ရာထူးတွင် အမည်စာရင်း ပေးပို့ထားသူများမှ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့သော ဦးမြသိန်းအား တာဝန်ပေးအပ်ပါက ပိုမိုသင့်တော်မည်ဟု ယူဆပါတယ်"
အခု အဆိုပြုလိုက်တဲ့ ဦးမြသိန်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဌက ခုံရုံးအဖွဲ့ဝင်အဖြစ် ရွေးချယ်ထားတဲ့ (၃)ဦးထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဌ ရွေးချယ်ဖို့အတွက် သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော် ဥက္ကဌ တွေကနေ ညှိနှိုင်းကာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူပြီး ခန့်အပ် တာဝန်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ အစည်းအဝေးမှာတော့ (၂၀၁၃)ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေကို ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ ပြင်ဆင် အဆိုပြုချက်တွေအပြင် လွှတ်တော် ကိုယ်စားလှယ်တွေကနေ ဆွေးနွေးခဲ့ကြပါတယ်။