တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးရေး ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မြို့တွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်း အဝေးက အတည်ပြုလိုက်ပါတယ်။
-
2014-11-18 -
-
-
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မြို့တွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး က အတည်ပြုလိုက်ပါတယ်။
ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ ရခိုင် တိုင်းရင်းသားအရေအတွက်ဟာ ၄ ရာခိုင်နှုန်းခန့် ရှိတာကြောင့် အဲဒီ့ဒေသမှာ ရခိုင်တိုင်းရင်း သားတွေ ပျောက်ကွယ်မသွားဖို့ရည်ရွယ်ပြီး အစိုးရကို တိုက်တွန်းတာလို့ အဆိုတင်သွင်းသူ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင် က ပြောပါတယ်။
"ရခိုင်ပြည်နယ်ရဲ့ ပထဝီအအနေအထားနဲ့ လုံခြုံရေး အရ ကာကွယ်လို့လဲ ရနိုင်မယ့်အနေအထား မရှိဘူးပေါ့နော်၊ ဒီနေ့ ဘင်္ဂါလီတွေဟာ ဘူးသီးတောင်၊ မောင်တော နယ်မြေတွေမှာ ရခိုင်လူမျိုးတွေထက် ရာနှုန်းအများကြီး နေထိုင်ကြတယ်၊ ဒီအတိုင်းသာဆိုရင် မကြာမီ ရခိုင် လူမျိုးပျောက်ပြီးတော့ ဒီနယ်မြေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်သွားမှာပေါ့နော်၊ ဒါကို ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ ရခိုင်ပြည်နယ်အစိုးရကို အဆိုတင်ရခြင်းဖြစ်တယ်"
ရခိုင်ပြည်နယ်မှာ ကိုလိုနီနယ်ချဲ့တွေ အုပ်ချုပ်ခဲ့တဲ့အချိန်ကစပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ခေတ်အဆက်ဆက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေက နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးနေထိုင်ခဲ့ကြရတယ်လို့လည်း ဦးတက်ထွန်းအောင်က ပြောခဲ့ပါတယ်။
အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ထောက်ခံဆွေးနွေးပြီး ကန့်ကွက်တဲ့သူမရှိတဲ့အတွက် လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်ရဲ့ ရခိုင်ပြည်အနှံ့မှာနေထိုင်နေကြတဲ့ ရခိုင်တိုင်းရင်းသားတွေကို စုဆောင်းပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ ထူထောင်တည်ဆောက်ပေး ဖို့ ဆိုတဲ့အဆိုဟာ အမှန်တကယ်မှာ လက်တွေ့မကျဘူးလို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။