ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ

လက်ပန်းတောင်းတောင်ဒေသမှာ ညမထွက်ရအမိန့် ပုဒ်မ၁၄၄ ကို ဆက်လက်ထုတ်ပြန်ထားတာ ဟာ ဒေသခံပြည်သူတွေကို အကန့်အသတ်လုပ်ထားတာဖြစ်ပြီး တစ်ချိန်တည်းမှာလည်း ကြေးနီစီမံကိန်းဆောင် ရွက်နေတဲ့ ကုမ္ပဏီတွေကို အကာအကွယ်ပေးထားတာသာဖြစ်တယ်လို့ ကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းကော်မတီ က ဇန်နဝါရီလ ၁၄ရက် ဒီကနေ့နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် ဒေသခံပြည်သူ များ တောင်းဆိုဆန္ဒပြနေကြစဉ် RFA

ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိ ဒေသတွင်း ညမထွက်ရအမိန့်နဲ့ ပုဒ်မ၁၄၄ အမိန့်ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူဒေသခံတွေကို တဘက်သတ် အကန့်အသတ်လုပ်ထားတာသာဖြစ်တယ်လို့ သပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပုဒ်မ၁၄၄ထုတ်ပြန်ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှုးကို အရေးယူပေးဖို့ မြို့နယ်နဲ့ ခရိုင်အဆင့်တွေမှာ ဒေသခံတွေက အမူဖွင့်ထားပေမဲ့ ဘာမှဆောင်ရွက်ပေးခြင်းမရှိသေးဘူးအတွက် တိုင်းဒေသကြီးအဆင့်ကို ဆက်လက်တင်ပြသွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org