စက်ရုံတွေပိတ်ရလို့ အလုပ်သမားငါးထောင်ကျော် အလုပ်လက်မဲ့ဖြစ်

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ရန်ကုန်တိုင်းထဲက စက်ရုံ ၃ ရုံ ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ပိတ်လိုက်ရတဲ့အတွက် အလုပ်သမားနှစ် ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒါဟာ နှစ်ပတ် အတွင်း အလုပ်သမား ငါးထောင်ကျော် အလုပ်လက်မဲ့ ဖြစ်သွားတာပါ။

workers-622.jpg

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ရန်ကုန်တိုင်းထဲက စက်ရုံ ၃ ရုံ ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ပိတ်လိုက်ရတဲ့အတွက် အလုပ်သမားနှစ် ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ ဒါဟာ နှစ်ပတ် အတွင်း အလုပ်သမား ငါးထောင်ကျော် အလုပ်လက်မဲ့ဖြစ်သွားတာပါ။ ဒီပြဿနာကို ပြေလည်ဖို့ တိကျတဲ့ အဖြေမရှိသေးဘူးလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက RFA ကို ပြောပါတယ်။

ဒီမနက် ရန်ကုန်တိုင်း ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်ထဲက စက်ရုံ ၃ ရုံ ပိတ်လိုက်ရလို့ အလုပ် သမား ၂ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့တာပါ။ အဲဒီစက်ရုံတွေက အထည်ချုပ်စက်ရုံနဲ့ ဖိနပ်စက်ရုံ တွေပါ။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တရုတ်နိုင်ငံက တင်ပို့တဲ့ ကုန်ကြမ်းပြတ်လပ်ရာကနေ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း စက်ရုံတချို့ ပိတ်ပစ်ခဲ့ရတဲ့အတွက် အလုပ်သမား ၅ ထောင်ကျော် အလုပ် လက်မဲ့ဖြစ်ခဲ့တာလို့ ကုန်သည်စက်မှု အသင်းချုပ်က ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းက စက်ရုံ တွေမှာ ကြုံနေရတဲ့ အခြေအနေတွေကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က ဒေါ်ဖြိုးစန္ဒာစိုးက ပြောပြပါတယ်။

“ဒီမနက်မှာတင် ကျမတို့က ၃ ခု ထပ်ရတယ်။ အလုပ်သမားဝန်ကြီးဌာနမှာတော့ ၁၃ ရုံဆိုတော့ မနေ့က ၃ ခုဆိုတော့ ၁၆ ခုတော့ ရှိသွားပြီပေါ့။ စက်ရုံပိတ်ဖို့ပါတယ်၊ လုပ်သားအင်အားလျှော့တာပါတယ်။ Lucky Sky စက်ရုံမှာဆိုရင် အလုပ်သမားက ၅၁၇ ဦးရှိတယ်။ အလုပ်ရှင်က ဘယ်လိုလုပ်လိုက်လဲဆိုရင် အမြဲတမ်းဝန်ထမ်း ၅၁၇ ယောက်စလုံးကို ဖြုတ်လိုက်ပြီး၊ နေ့စားအလုပ်သမား ၁ဝဝ ကို ပြန်ခေါ်လိုက်တယ်။ ဒါ အရင်ကုန်ကြမ်း အဟောင်းတွေကို မပြတ်သေးလို့ ချုပ်ချင်လို့ပါလို့ သူတို့က ပြောတယ်။ အဲ့ဒါမျိုးတွေလည်း ရှိနေတယ်။ ပြီးတော့ အလုပ်သမား အင်အား ၁ဝဝဝ ရှိတယ်။ လုပ်သားအင်အား ၃ဝဝ ကို လျှော့ချချင်တယ်ဆိုပြီးတော့ တင်ထားတာလည်းရှိတယ်။ တချို့ကျတော့လည်း စက်ရုံမှာ ရှိသမျှလူတွေအကုန်လုံးကို စက်ရုံပိတ်မယ်ဆိုပြီး တော့ ပြောတာလည်းရှိတယ်။ အဲတော့ အခြေအနေတွေကတော့ တခုနဲ့တခု မတူကြဘူးရှင့်”


ရန်ကုန်တိုင်းက အထည်ချုပ်စက်ရုံတွေမှာဆိုရင် အလုပ်သမားဦးရေ ၅ သိန်းကျော်ရှိမယ်လို့ CTUM က ခန့်မှန်းထားပြီး၊ လှိုင်သာယာစက်မှုဇုန်တခုတည်းမှာတင် အလုပ်သမား ၃ သိန်းလောက်ရှိတယ်လို့ ပြောပါ တယ်။

အလုပ်လက်မဲ့ဖြစ်သွားသူတွေကို အလုပ်ရှင်က ဥပဒေအတိုင်း နစ်နာကြေးပေးတယ်ဆိုပေမဲ့ အလုပ်သမားတွေ က အလုပ်တည်မြဲရေးကိုပဲ လိုလားနေတာပါ။ လောလောဆယ်မှာတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာနေတုန်း ပဲလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး က ပြောပါတယ်။

“လောလောဆယ်တော့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းရယ်လို့တော့ အတိအကျတော့ မပြောနိုင်သေးပါဘူး။ သို့သော် ကျနော်တို့က လက်ရှိ အခြေအနေအမှန် ဘာတွေဖြစ်နေသလဲ။ ဘာတွေလိုသလဲဆိုတာ သိအောင်လို့ သုံးဦးသုံးဖလှယ် တွေ့ဆုံ ဆွေးနွေးကြတာပါ။ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိတယ်ပေါ့ဗျာ။ အဓိကကတော့ သူတို့က ကျနော်တို့ကို အခြေအနေတွေကို ပြောရမယ်။ သူတို့က အကြံပြုတာတွေလည်း ရှိပါတယ်။ အစိုးရက ကူညီစေချင်တာတွေ၊ ကူညီသင့်တာတွေပေါ့။ ကျနော်တို့ကလည်း မှတ်သားတယ်။ မှတ်သားပြီးတော့ ဒါတွေကို ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးမှ လိုအပ်တဲ့အခြေအနေပေါ်မှာ ဘာလုပ်မယ်ဆိုတာတွေကို အစီအစဉ်တွေ ထွက်လာမှာပါ”

မြန်မာနိုင်ငံရဲ့ စက်ရုံအများစုဟာ တရုတ်နိုင်ငံက တင်ပို့တဲ့ ကုန်ကြမ်းပစ္စည်း ၉၀% လောက်အထိကို မှီခိုနေရ တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် တရုတ်နိုင်ငံက တင်ပို့တဲ့ ကုန်ကြမ်းတွေကို မှီခိုနေရတဲ့ နိုင်ငံတွေအားလုံး ဒီပြဿနာကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလို စက်ရုံတွေပိတ်ပစ်ဖို့ ဖြစ်လာရတဲ့ အခြေအနေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး က ရှင်းပြပါတယ်။

“အခုလောလောဆယ်မှာတော့ ၂ မျိုးခင်ဗျ။ ကုန်ကြမ်းပြတ်တဲ့ ပြဿနာက စတာပေါ့။ ကုန်ကြမ်းက အဓိက တရုတ်ပြည်ဘက်က လာတာများတယ်။ များတော့ ကုန်ကြမ်းပြတ်တဲ့ အခြေအနေကို ကျနော်တို့ ရင်ဆိုင်ရတယ်။ ဒါပေမဲ့ အခုတော့ ကုန်ကြမ်းတွေက ပြန်စပြီး ဝင်လာပြီ။ နယ်စပ်ကုန်သွယ်ရေးကလည်း ရာနှုန်းပြည့် မဟုတ်သည့်တိုင် ကုန်ကြမ်းတွေ ဝင်ရောက်မှုကလည်း တဖြေးဖြေး တိုးလာတယ်။ အဓိကပြဿနာကတော့ မှန်တယ်။ ကုန်ကြမ်းတွေ မရတဲ့ပြဿနာ။ ဒုတိယအချက်ကတော့ ရောင်းရတဲ့ ဈေးကွက်နိုင်ငံတွေမှာလည်း ဒီရောဂါရောက်တဲ့အခါမှာ သူတို့ဘက်မှာလည်း အရောင်းအဝယ်တွေ ထိုင်းမှိုင်းကုန်တယ်။ ရပ်ဆိုင်းကုန်တယ်။ ကုန်တိုက်ပိတ်တာတွေရှိတဲ့အတွက် သူတို့ဘက်က အော်ဒါတွေ တချို့ ဆိုင်းသွားတာတို့၊ ဖျက်လိုက်တာတို့ က နောက်ထပ် အခက်အခဲတခုနဲ့ ကြုံရတယ်”

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ABFTU ဗဟိုကော်မတီဝင် ကိုကျော်မျိုးကတော့ အစိုးရက ကူညီသင့်တဲ့အပိုင်းကို အကြံပြုထားပါတယ်။

“အစိုးရပိုင်းအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံတွေကို အဓိက တင်ပို့နေသလဲပေါ့။ အဲဒီဘက်က အစိုးရတွေနဲ့ နှစ်ဘက် ဆွေးနွေးရမယ့် အခြေအနေမျိုး ဆိုက်ရောက်နေတာပေါ့။ ပြီးတော့ မြန်မာပြည်မှာရော ကိုရိုနာဗိုင်းရပ်စ်က ဘယ်လောက်ထိ ပျံ့နှံ့နေလဲ။ မပျံ့သေးဘူးလဲဆိုတာနဲ့ တခြား တဘက်က နိုင်ငံတွေနဲ့ ကျနော်တို့ စကားပြောဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ဒီကဝင်သွားတဲ့ ပစ္စည်းတွေကို တခြားနိုင်ငံတွေက စိုးရိမ်တာကိုး။ ဆိုတော့ ဒီဘက်နိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ အစိုးရအချင်းချင်း ဆွေးနွေးမှ အဆင်ပြေလိမ့်မယ်”

မနေ့ညလည်း လှိုင်သာယာမြို့နယ်က Myanmar Royal Apolo အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ အလုပ်သမား တွေကို လုပ်အားခမပေးဘဲ ထွက်ပြေးသွားတယ်လို့ ABFTU က ပြောပါတယ်။ အဲဒီအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅ဝဝ လောက် လုပ်ကိုင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွင်း အထည်ချုပ်လုပ်ငန်းကနေ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄.၃ ဘီလီယံကျော် ရရှိခဲ့ပြီး၊ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အဓိက တင်ပို့နေတာ ဖြစ်ပြီး၊ GSP လို့ခေါ်တဲ့ ကုန်သွယ်ခွန်အထူးကင်းလွတ်ခွင့် ရရှိထားတာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org