အတည်ပြုလူနာ ၅၀ နီးပါး ရောဂါပျောက်ကင်းသွား
မြန်မာနိုင်ငံမှာ မေလ ၆ ရက် မနက်ပိုင်းအထိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁၆၁ ယောက်ရှိတဲ့အထဲက ရောဂါပိုးကင်းစင်သူဟာ ၄၉ ယောက် ရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာရောဂါပိုး ကူးစက်ခံရသူအထဲက ၃၀ ရာခိုင်နှုန်း ပြန်သက်သာလာတာဖြစ်ပါတယ်။
-
ဖြူဖြူခိုင်
2020-05-06 -
-
-
မြန်မာနိုင်ငံမှာ မေလ ၆ ရက် မနက်ပိုင်းအထိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁၆၁ ယောက်ရှိတဲ့အထဲက ရောဂါပိုးကင်းစင်သူဟာ ၄၉ ယောက် ရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာရောဂါပိုး ကူးစက်ခံရသူအထဲက ၃၀ ရာခိုင်နှုန်း ပြန်သက်သာလာတာဖြစ်ပါတယ်။
ရောဂါပိုးကင်းစင်သူ ၄၉ ယောက်ထိရှိလာပြီး အဲဒီအထဲက ၂၉ ယောက်ကတော့ ဆေးရုံကနေ ဆင်းခွင့်ရသွားပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူတွေရဲ့ သုံးပုံ တစ်ပုံဟာ ရောဂါပိုး ကင်းစင်သွားပြီဖြစ်ပြီး နဂိုကိုယ်ခံအား စနစ်က ဒီရောဂါပိုးကို တွန်းလှန်နိုင်တဲ့ အနေအထားရှိနေတာနဲ့ ကုသမှုအပိုင်းမှာ ထိရောက်မှုရှိတာကြောင့် ပြန်သက်သာလာကြတာဖြစ်တယ်လို့ ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။
“စစ်တာက သောင်းဂဏန်းနီးပါးရှိတယ်။ ပိုးတွေ့လူနာ ၁၆၁ ယောက်၊ ပြန်ပျောက်ကင်းတာ ၄၉ ဦီးဆိုတော့ သုံးပုံ တစ်ပုံလောက် ပြန်ကောင်းတယ်လို့ ပြောလို့ရတယ်။ ခြောက်ယောက် ဆုံးပါးသွားတယ်ဆိုရင်တောင်မှ အဲဒီ ခြောက်ယောက်ထဲမှာ ငါးယောက်လောက်က ဆီးချို၊ နှလုံး ရောဂါအခံရှိတာကြောင့် ကိုရိုနာကြောင့် အဖိတ်အစင်ဖြစ်သွားတာထက် သူ့ရဲ့အခြေခံအကြောင်းတရားကြောင့် ဖိတ်စင်တာ ပိုများတဲ့အတွက် အခြားနိုင်ငံတွေထက် အခုအချိန်ထိတော့ ထိခိုက်ဖိတ်စင်တာ သက်သာသေးတယ်“
မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူအထဲက ၃၀ ရာခိုင်နှုန်း ပြန်သက်သာလာတာဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ပြန်သက်သာမှုနှုန်း နည်းနေပါသေးတယ်။
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်းနိုင်ငံမှာ မေလ ၆ ရက်နေ့ World Meter ရဲ့ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူထဲက ၉၀ ရာခိုင်နှုန်းကတော့ ပြန်သက်သာလာခဲ့တယ်လို့ ဖော်ပြထား ပါတယ်။ အလားတူ ဗီယက်နမ်နိုင်ငံမှာလည်း ပိုးကူးစက်ခံရသူရဲ့ ၈၅ ရာခိုင်နှုန်း ပြန်သက်သာလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာ တွေ့ရှိခဲ့တာ တစ်လကျော်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ဒုတိယပတ်နဲ့ တတိယအပတ်တို့မှာ ပိုးတွေ့လူနာ အများဆုံးတွေ့ခဲ့ရပြီး ဧပြီလ နောက်ဆုံးပတ်ကစပြီး လူနာသစ်တွေ့ရှိမှု လျော့နည်းလာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေထဲက ၅၇ ရာခိုင်နှုန်းခန့်ဟာ ရောဂါလက္ခဏာ ပြသတာမျိုး မရှိဘဲ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဆိုပေမယ့် လူထုတွေအကြား ရောဂါကူးစက်ဖြစ်ပွားမှုက ရှိနေဆဲဖြစ်တာမို့ မပေ့ါဆကြဖို့ ဒေါက်တာ ဥက္ကာကြည်ဝင်းက သတိပေးပါတယ်။
"လတ်တလောမှာတော့ စစ်ဆေးတဲ့ လူအရေအတွက်နဲ့ ပိုးတွေ့တဲ့လူအရေအတွက် အချိုးချကြည့်လိုက်ရင် ရာခိုင်နှုန်းအားဖြင့်ပြောရရင် ကျွန်တော်တို့ ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပိုးကရှိပြီး မစမ်းမိလို့ လူထုကြားထဲမှာ ပျံ့နှံ့သွားလာနေတာတွေလည်း အများကြီးရှိနိုင်တယ်။ အဲဒီအတွက်လည်း သတိကို မပေါ့ သင့်ပါဘူး"
ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းသွားပြီဆိုပြီးဆေးရုံက ပြန်ဆင်းသွားပြီးမှ ရောဂါပိုးပြန်တွေ့ရတဲ့ဖြစ်စဉ်မျိုး အခြား နိုင်ငံတွေမှာရှိနေတာကြောင့် ဆေးရုံကနေဆင်းခွင့်ရသွားသူတွေဟာ စည်းကမ်းတကျ နေထိုင်ဖို့လိုတယ်လို့ ဒေါက်တာကျော်စွာဦးက ထောက်ပြပါတယ်။
တစ်လတာဆေးကုသမှုခံယူပြီး ငါးကြိမ်စစ်ဆေးတာမှာ နောက်ဆုံး နှစ်ကြိမ်မြောက်မှာ ပိုးမတွေ့တော့တဲ့ ရှမ်းပြည်နယ်က လူနာအမှတ် (၁၄) ဟာလည်း ဆေးရုံက ဆင်းပြီး အ.ထ.က (၃) ကျောက်မဲမြို့မှာ သီးခြားစောင့်ကြည့်မှု ခံယူနေတာပါ။ ဒီကျောင်းမှာ တစ်ပတ်တာ စောင့်ကြည့်ခံပြီး နောက်မှာတော့ အိမ်မှာပဲ စောင့်ကြည့်နေထိုင်ချိန်မှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာသွားမယ်လို့ လူနာအမှတ် (၁၄) က ဆိုပါတယ်။
“အိမ်မှာက သီးသန့်အခန်းရှိတယ်။ ဆေးရုံဆင်းပြီးတော့ ဟုမ်းကွာရတင်းဝင်ရမယ်ဆိုတော့ အိမ်ကလူတွေက တခြားမှာသွားနေဖို့ စီစဉ်ထားတယ်။ ကျွန်တော့်ကို တစ်ယောက်တည်းထားပြီး အိမ်ကလူတွေက ဦးလေး အိမ်မှာ သွားနေဖို့ စီစဉ်ထားတယ်။ ပိုးရှိချိန်မှာတောင် ဒီပိုးက မိသားစုကို မကူးခဲ့ဘူးဆိုပေမယ့် အခု Negative ပြတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီးနေရမယ်။ Mask တပ်တာတို့ မကြာမကြာ လက်ဆေးပေးတာတို့ မိသားစုတွေနဲ့ သိပ်ပြီးထိတွေ့မှု မလုပ်တာတို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်တဲ့ စည်းကမ်းချက်တွေ ကိုတော့ လိုက်နာရမယ်“
ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မေလ ၆ ရက် ဒီနေ့ထိ အယောက် သုံးသန်း ခြောက်သိန်း ခြောက်သောင်းကျော်လာပြီဖြစ်ပြီး သေဆုံးသူက နှစ်သိန်းခွဲရှိနေပြီလို့ အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကူးစက်သူ တစ်သန်း နှစ်သိန်း၊ သေဆုံးသူ ခုနှစ်သောင်း တစ်ထောင်ကျော်နဲ့ ကူးစက်ခံရမှု အမြင့်မားဆုံးနေရာမှာ ရှိနေတာပါ။ ဒုတိယ ကူးစက်ခံရတာ အများဆုံးဖြစ်တဲ့ စပိန်မှာ ကူးစက်ခံရသူ နှစ်သိန်းခွဲကျော်နဲ့ သေဆုံးသူ နှစ်သောင်းခွဲကျော်ရှိပါတယ်။ အီတလီမှာတော့ အခုအချိန်အထိ ရောဂါကူးစက်ခံရသူ နှစ်သိန်း တစ်သောင်းကျော်နဲ့ သေဆုံးသူ နှစ်သောင်း ကိုးထောင်ကျော် ရှိပါတယ်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့နေတာပါ။ ရန်ကုန်တိုင်းကတော့ အများဆုံးဖြစ်ပြီးတော့ လက်ရှိမြို့နယ် ၁၀ မြို့နယ်ကို Semi lock down လုပ်ထားပါတယ်။
ဒါကြောင့် ရောဂါကာကွယ်ဖို့အတွက် အပြင်ထွက်ရင် နှာခေါင်စည်းတပ်ဖို့၊ လူစုလူဝေးကို ရှောင်ဖို့၊ လက်ကိုမကြာ ခဏ ဆပ်ပြာနဲ့ ဆေးဖို့နဲ့ မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။