ကိုရိုနာကာကွယ်ဖို့ လူစုလူဝေးရှောင်ရန် အစိုးရ တိုက်တွန်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးတွေကို ရှောင်ရမယ်လို့ အစိုးရက တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ဝေဇယန္တာစီးတီးမတ်မှာ ဈေးလာဝယ်သူများကို ၂၀၂၀ မတ် ၁၂ ရက်နေ့က တွေ့ရစဉ် Photo: Moe Myint / RFA

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့  ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးတွေကို ရှောင်ရမယ်လို့  အစိုးရက တိုက်တွန်းလိုက်ပါတယ်။

ဒီအခြေအနေကြောင့် ဒေသအသီးသီးက ပြည်သူတွေ စိုးရိမ်ပြီး စားသောက်ကုန်ပစ္စည်းတွေ ဝယ်ယူစုဆောင်းနေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လူစုလူဝေးများတဲ့ နေရာတွေမှာ လျင်မြန်စွာကူးစက်နိုင်လို့ ပြည်သူတွေအနေနဲ့ သင်္ကြန်မဏ္ဍပ်ကြီးတွေလို လူစုလူဝေးနဲ့ကျင်းပတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို မတ်လ ၁၃ ရက် ဒီနေ့ကနေ ဧပြီလကုန်အထိ မလုပ်ကြဖို့ နိုင်ငံတော်သမ္မတရုံးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကပ်ရောဂါအဖြစ် ကြေညာပြီးနောက် ဒီနေ့ မတ် ၁၃ရက်နေ့မှာ အစိုးရက အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီလိုမထုတ်ပြန်ခင် မတ်လ ၁၂ ရက် မနေ့ညနေပိုင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နေပြည်တော်မှာ ပြုလုပ်နေတုန်းမှာကတည်းက လူစုလူဝေးရှိတဲ့ နေရာတွေကို ခြောက်ပတ်ကြာ ပိတ်မယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

သတင်းပျံ့ပြီးမကြာခင်မှာပဲ ရန်ကုန်မြို့က စီးတီးမတ်ကုန်တိုက်တွေမှာ ညသန်းခေါင်ကျော်ထဲအထိ ဈေးဝယ်တဲ့သူတွေနဲ့ ပြည့်ခဲ့ပါတယ်။

စီးတီးမတ်က သူတို့ကုန်တိုက်တွေမှာ ဈေးဝယ်သူတွေ မျှမျှတတ ဝယ်လို့ရအောင် တချို့ကုန်ပစ္စည်းတွေကို ရောင်းအားကန့်သတ်မယ်ဆိုပြီး ချက်ချင်း ကြေညာရတဲ့အထိပါ။

ရန်ကုန်မှာလိုပဲ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ အခြေအနေတွေ ဘယ်လိုရှိသလဲဆိုတာ သိရဖို့ ကျွန်တော်တို့ RFA ရဲ့ နယ်ခံသတင်းထောက်တွေကို မေးကြည့်ပါမယ်။

"မခေမဏီဝင်းခင်ဗျ၊ မနေ့က လူစုလူဝေးပွဲလမ်းသဘင်တွေ ပိတ်မယ်ဆိုတဲ့ သတင်းတွေထွက်တယ်၊ ဒီနေ့မနက်မှာလည်း အဲသတင်းအမှန်ဆိုပြီး သမ္မတရုံးကထုတ်ပြန်တယ်၊ ဒီတော့ မန္တလေးက ပြည်သူတွေ ဘယ်လို အခြေအနေရှိလဲဗျ။"

"ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ပါတယ်၊ ဒါပေဲ့ ဒီလိုသတ်မှတ်ချက်က မန္တလေးမြို့က အခြေခံလူတန်းစားတွေအတွက်က ထိခိုက်သက်ရောက်မှုမရှိလှပါဘူး၊ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အခြေခံလူတန်းစားတွေဟာ တစ်နေ့လုပ်မှ တစ်နေ့စား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့အတွက် ရှောင်ဖို့ခက်ခဲ့လှတယ်လို့လည်း ပြောကြပါတယ်။"

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲ့ အကြီးဆုံးဈေးထဲရောက်နေတဲ့ မအဲလိဇဘတ်ဂျန်မာကလည်း မြစ်ကြီးနားက ဒေသခံတွေရဲ့ အခြေအနေကို ပြောပြပေးမှာပါ။

"မအဲလိဇဘတ်ရေ မြစ်ကြီးနားက အခြေအနေရော ဘယ်လိုရှိလဲခင်ဗျ၊ စိုးရိမ်ပြီး စားသောက်ကုန် ပစ္စည်းတွေဝယ်စုနေကြလားဗျ။"

"တချို့ပြည်နယ်နဲ့တိုင်းတွေမှာ ဒီကိုရိုနာဗိုင်းရပ်စ်ကြောင့်မို့လို့ အစားအသောက်ရိက္ခာတွေကို ဝယ်ယူ စုဆောင်းနေကြပေမယ့် မြစ်ကြီးနားမြို့မှာကတော့ လက်ရှိအချိန်အထိက ပုံမှန်ပဲဖြစ်ပါတယ်၊ ဒီဈေးထဲမှာ အစားအသောက်ကို ရောင်းဝယ်နေတဲ့သူတွေကို လိုက်လံမေးကြည့်တဲ့အခါမှာလည်း ရောင်းဝယ်မှုဟာ ပုံမှန် အခြေအနေပဲ ရှိနေတယ်လို့ ပြောဆိုကြပါတယ်။"

"ရှမ်းပြည်နယ်၊ လားရှိုးမြို့ရဲ့ အနေအထားကရော ဘယ်လိုလဲ ကိုကံသာရေ။"

"ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာဆိုရင်တော့ ဒေသခံတွေက ပုံမှန်အတိုင်း သွားလာနေပါတယ်၊ ဈေးတွေ စားသောက်ဆိုင်တွေဆိုရင်လည်း ပုံမှန်အတိုင်းပဲ ဖွင့်လှစ်ပြီးတော့ သွားလာနေတာကို တွေ့ရပါတယ်၊ ဒေသခံတွေကို လိုက်လံပြီးတော့ မေးကြည့်တဲ့အခါမှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့ စိုးရိမ်ကြတဲ့ အခြေအနေကို တွေ့ရပါတယ်၊ စတင်ဖြစ်ပွားတဲ့ကာလလို မျက်နှာဖုံးတွေ တပ်ပြီးသွားတဲ့ အနေအထားတော့ မတွေ့ရတော့ပါဘူး။"

ဒါကတော့ လားရှိုးမြို့ အခြေစိုက် RFA ရဲ့ နယ်ခံ သတင်းထောက် ကိုကံသာ ပြောပြသွားတာပါ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ  မတ်လ ၁၃ ရက် ဒီနေ့အချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူမရှိသေးပါဘူး။

ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးနဲ့လုပ်တဲ့ ပွဲလမ်းသဘင်တွေကို ပိတ်ရတာသာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ စိုးရိမ်ကြောက်လန့်အောင် မမှန်သတင်းဖြန့်နေတဲ့ ကောလာဟလတွေကို မယုံကြည့်ဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့  နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီနေ့ ညနေပိုင်း ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမှားတွေမယုံကြည်ပဲ RFA ၊ Irrawaddy နဲ့ 7Day စတဲ့ တရားဝင် သတင်းဌာနတွေက သတင်းတွေကိုပဲ ယုံကြည်ကြဖို့၊ သတင်းမှားဖြန့်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

ရောဂါကူးစက်မှု ကာကွယ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ပစ္စည်းတစ်ခုခုကိုင်ပြီးတိုင်း ဒါမှမဟုတ် အပြင်ကပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org