မန္တလေးက ကိုရိုနာသံသယလူနာ သေဆုံးပေမယ့် ဗိုင်းရပ်စ်မတွေ့ဟုဆို

မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ အနီးကပ်စောင့်ကြည့်နေတဲ့လူနာတစ်ဦး ဒီနေ့မနက်မှာ သေဆုံးသွားပါတယ်။ ကန်တော်နဒီကို မတ် ၄ ရက်နေ့ကတည်းက ပို့ထားပေမယ့်၊ ဒီနေ့ မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီအထိ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဓာတ်ခွဲစစ်ဆေးမှုအဖြေကို တိတိကျကျ ပြောဆိုခြင်းမရှိပါဘူး။

မန္တလေးမြို့ ကန်တော်နဒီဆေးရုံအဝင်ဝကို တွေ့ရစဉ် Photo: Khaymani Win/RFA

မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ အနီးကပ်စောင့်ကြည့်နေတဲ့လူနာတစ်ဦး ဒီနေ့မနက်မှာ သေဆုံးသွားပါတယ်။ ကန်တော်နဒီကို မတ် ၄ ရက်နေ့ကတည်းက ပို့ထားပေမယ့်၊ ဒီနေ့ မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီအထိ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဓာတ်ခွဲစစ်ဆေးမှုအဖြေကို တိတိကျကျ ပြောဆိုခြင်းမရှိပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာနဲ့တူတဲ့ မန္တလေးမြို့က သံသယလူနာရဲ့ ဓာတ်ခွဲအဖြေမှာ ဗိုင်းရပ်စ် မတွေ့ရှိရဘူး လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က RFA ကို ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။

အဲဒီအမျိုးသမီးက မန္တလေး ကန်တော်နဒီ ဆေးရုံမှာ ဆေးကုသမှုခံယူနေတုန်း ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့တာပါ။ အသက် ၆၀ အရွယ်အမျိုးသမီးမှာ နဂိုကတည်းက သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် အစရှိတဲ့ ရောဂါတွေ ခံစားနေရသူဖြစ်တယ်လို့လည်း မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဒုတိယ ဆေးရုံအုပ် ဒေါက်တာ ခင်ကျော်က ပြောပါတယ်။

သာမန်ဖျားနာသူတွေကို မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသလေ့ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် တရုတ်မှာ စတင်ဖြစ်ပေါ်လာပြီးနောက်ပိုင်း သံယလူနာ၊ စောင့်ကြည့်လူနာတွေကို ကန်တော်နဒီဆေးရုံမှာ ကုသကြပါတယ်။

သေဆုံးသူရဲ့ အမျိုးသား ဦးသိန်းအောင်က သူ့ဇနီးကို အထွေထွေရောဂါကုကနေ ကန်တော်နဒီကို ဘာကြောင့် ပို့တယ်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။

မန္တလေးဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒီနေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ ကိုရိုနာ စောင့်ကြည့်လူနာ သေဆုံးတဲ့ကိစ္စကို သတင်းစာရှင်းလင်းပွဲ လုပ်မယ်ပြောပါတယ်။

အမေရိကန်၊ ဂျပန်နိုင်ငံတို့ရဲ့ အကူအညီနဲ့ ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) မှာ ကိုရိုနာဗိုင်းရပ်စ်ကို ၆ နာရီ အဖြေစစ်ဆေးနိုင်ပြီဖြစ်ပါတယ်။ မန္တလေးက လူနာဟာ ကန်တော်နဒီ ဆေးရုံကို မတ်လ ၄ ရက်နေ့မှာ ပို့ပေးပေမယ့် ဒီနေ့ မတ်လ ၆ ရက်နေ့  ညနေ ၅ နာရီ အထိ အဖြေမသိရသေးပါ။

ရန်ကုန်က အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးဌေးတင်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ လူနာတစ်ဦးချင်းစီရဲ့အဖြေကို ထုတ်ပြောပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

မန္တလေးမြို့ခံ မယဉ်ယဉ်ခန့်က ဗိုင်းရပ်စ်ကြောင့် သေဆုံးတာ ဟုတ်၊ မဟုတ် အမြန်ထုတ်ပြန်သင့်တယ်လို့ ပြောပါတယ်။

ဒီနေ့ ညနေပိုင်း Myanmar Now အွန်လိုင်းမီဒီယာရဲ့ ဖော်ပြချက်အရ တရုတ်ကနေ ပြန်လာတဲ့အမျိုးသားတစ်ဦး မတ်လ ၅ ရက်နေ့တုန်းက လားရှိုး နယ်စပ်ဂိတ်ပေါက်မှာ လဲကျသေဆုံးမှုဖြစ်ပွားတယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် ဟုတ်၊ မဟုတ် မသိရသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့အထိ သေဆုံးသူ ၃၃၈၃ ယောက် ရှိပါတယ်။ ကူးစက်ခံရသူက တစ်ကမ္ဘာလုံးမှာ တစ်သိန်းနီးပါးထိ ကပ်လာပါပြီ။ တရုတ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အရှေ့တောင်အာရှက အိမ်နီးချင်း ငါးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ၊ ကူးစက်ခံရသူ တစ်ဦးတစ်ယောက်မှ မရှိသေးတာကြောင့် အံ့သြသင့်ရတယ်လို့ နိုင်ငံတကာ ပညာရှင်တွေက ပြောဆိုထားကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီနေ့အထိ စစ်ဆေးတာ စုစုပေါင်း ၅၂ ယောက်ရှိပြီးတော့၊ သံသယလူနာ နှစ်ဦးပဲရှိတယ်လို့ မတ် ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org