ကော့ဆက်ဘဇား ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့သူ ၂၉ ယောက်ရှိ
လူတသန်းနီးပါးနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇား ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့သူ ၂၉ ယောက် တွေ့တာကြောင့် မိသားစုဝင်တွေအပါအဝင် အနီးကပ်နေထိုင်ခဲ့သူတွေကို ရောဂါခြေချုပ်အဖြစ် သီးခြားခွဲထားမှာ ဖြစ်ပါတယ်။
-
တင်အောင်ခိုင်
2020-05-26 -
-
-
ကုတုပလောင်ဒုက္ခသည်စခန်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဒုက္ခသည်စခန်းကြီးဖြစ်ပြီး စခန်းငယ်ပေါင်း ၃၄ ခု ဖြင့် တည်ထားပါတယ်။ စခန်းတွင်း လူနေထိုင်မှုမှာ အလွန်သိပ်သည်းပါတယ်။ လူမှုကူညီရေးအဖွဲ့တွေ အဆိုအရ တမိုင်ပတ်လည်အတွင်း လူတသိန်းလောက်နေထိုင်တာဖြစ်လို့ ရောဂါကူးစက်မှာကို စိုးရိမ်နေကြပါတယ်။
ကုတုပလောင်စခန်းအတွင်း ပထမဆုံးရောဂါကူးစက်သူကို ပြီးခဲ့တဲ့ အပတ်မေလ ဒုတိယအပတ်က စတင်တွေ့ရှိခဲ့ပြီး လက်ရှိမှာ ၂၀ကျော်သွားပါပြီ။ လက်ရှိမှာ ရောဂါခြေချုပ်ထားရှိသူ စုစုပေါင်း တသောင်းခွဲလောက်ရှိတယ်လို့ AFP သတင်း တရပ်မှာ ဖော်ပြထားပါတယ်။
စခန်းအမှတ်၇ မှာ နေထိုင်သူ ဦးအောင်မြိုင်ကို မေးကြည့်တဲ့အခါ ရောဂါပိုးတွေ့သူ ဘယ်သူဘယ်ဝါဆိုတာနာမည်ကို ထုတ်ဖော်ကြေညာတာမျိုး မရှိဘူးလို့ ပြောပါတယ်။
စခန်းအမှတ်၅ကနေ ဖျားနာနေသူတချို့ကို အာဏာပိုင်တွေက ခေါ်ဆောင်သွားတာတွေရှိတယ်လို့ စခန်းအမှတ် ၅ နေ ဦးမောင်မောင်ကပြောပါတယ်
ဖျားနာနေသူတွေကို သူတို့ မိသားစုဝင်တွေနဲ့ အတူ ခေါ်ဆောင်သွားပေမဲ့ UNHCR နဲ့ ဆေးအဖွဲ့အစည်းတွေက စခန်းအတွင်း သီးခြားခွဲထားတဲ့ နေရာများမှာထားပြီး ဖျားနာနေသူတွေနဲ့ မိသားစုတွေကို ခွဲထားတယ်လို့ဆိုပါတယ်။ ဒီလိုအခြေအနေတွေကြောင့် စခန်းတွင်းနေထိုင်သူတွေ စိုးရိမ်စိတ်တွေဖြစ်နေတယ်လို့ စခန်းအမှတ်၇မှ ဦးအောင်မြိုင်က ပြောပါတယ်။
လူထုကို ပညာအသိပညာပေးမှု အားနည်းတယ်လို့ ဦးအောင်မြိုင်က ပြောပါတယ်။ တဖက်မှာလည်း ဆေးအဖွဲ့များနဲ့ လူမှုကူညီရေးအဖွဲ့တွေအနေနဲ့ ဆေးပစ္စည်း လုံလုံလောက်လောက်မရှိ၊ အကာအကွယ်ပစ္စည်း လောက်ငှမှုမရှိဘဲ ဆောင်ရွက်နေရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။