ရွေးကောက်ပွဲအပြီး ကိုဗစ်ကူးစက်ခံရသူ နေ့စဉ်အရေအတွက် တိုးလာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၆၂၅ ယောက် ရှိသွားပါပြီ။ ပြီးခဲ့တဲ့ တပတ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူ တော်တော်လေးလျှော့ကျသွားပေမယ့် ဒီနေ့ ပြန်တိုးလာတာဖြစ်ပါတယ်။
-
2020-11-17 -
-
-
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးတဲ့သူ စုစုပေါင်း ၁၆၂၅ ယောက် ရှိသွားပါပြီ။
ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်စာရင်းမှာ သေဆုံးတဲ့သူ ၂၆ ယောက် တိုးလာတာဖြစ်ပြီးတော့ သေဆုံးတဲ့သူတွေထဲမှာ ၂၂ ယောက်ဟာ ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ ဒီကနေ့ တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၁၅၉၆ ယောက် တိုးလာတာပါ။ ပြီးခဲ့တဲ့ တပတ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူ တော်တော်လေး လျှော့ကျသွားပေမယ့် ဒီနေ့ ၁၆၀၀ နီးပါးအထိ ပြန်တိုးလာတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပြီး လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ကိုဗစ်ရောဂါ ကူးစက်မှုနှုန်း မြင့်တက်မလာရေး ကြိုတင်ဆောင်ရွက်ချက်တွေလုပ်ဖို့ ဒီကနေ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အထိ နေအိမ်မထွက်ရ အမိန့်ထုတ်ပြန်ဖို့၊ ကပ်ရောဂါကာလအတွင်း အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုအပေါ် မလိုလားသူတွေ ဦးဆောင်ပြီး လူစုလူဝေးနဲ့ ဆန္ဒပြနေတဲ့ ဦးဆောင်သူတွေကို အရေးယူဖို့၊ ဆေးရုံဆင်းခွင့်ရတဲ့သူတွေကို ဆေးရုံက ဆင်းခွင့်ပြုဖို့ စတာတွေကို အဲ့ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၇၁၇၃၀ ယောက် ရှိသွားပြီဖြစ်ပြီးတော့ ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၅၄၂၇၄ ယောက် ရှိပါပြီ။