ကိုဗစ်ကြောင့် သေဆုံးသူ ၁ဝဝဝ ကျော်၊ ရောဂါကူးစက်ခံရသူ လေးသောင်းကျော်လာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁ဝဝ၅ ယောက် ရှိသွားပါပြီ။

၂ဝ၂ဝ အောက်တိုဘာ ၁၇ ရက်က ရန်ကုန်မြို့တွင်းက ကိုဗစ်သံသယလူနာတွေကို သီးခြားစောင့်ကြည့်ရေးစခန်းတွေဆီ ပို့ဆောင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတဦး။ Photo: AFP


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးတဲ့သူ စုစုပေါင်း ၁ဝဝ၅ ယောက် ရှိသွားပါပြီ။

ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်စာရင်းမှာ သေဆုံးတဲ့သူ ၃၃ ယောက် တိုးလာတာဖြစ်ပြီးတော့ သေဆုံးတဲ့သူတွေထဲမှာ အယောက် ၃၀ ဟာ ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။

ဒီကနေ့ တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ၁၃၁၂ ယောက် တိုးလာတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၄၁၀၀၈ ယောက် ရှိသွားပြီဖြစ်ပြီးတော့ ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၂၁၁၄၄ ယောက် ရှိပါတယ်။

ရန်ကုန်တိုင်းမှာ ရောဂါကူးစက်ခံထားရတဲ့သူ အများဆုံးရှိပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ရောဂါကူးစက်ခံရတဲ့သူ လူနာပေါင်း ၉၇၀၀ ကို ထားနိုင်မယ့် COVID-19 ကုသရေးဌာန အသစ် ၁၄ ခုကို ဖွင့်ခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဒီကနေ့ပြောပါတယ်။

လူများစုဝေးများတဲ့ ဈေးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘိုးဘွားရိပ်သာတွေ၊ အကျဉ်းထောင်တွေမှာ အသိပညာပေးတာနဲ့ ဆောင်ရန် ရှောင်ရန်အချက်တွေကို တိကျစွာလိုက်နာရေးအတွက် အလေးထားပြီးဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ကမ္ဘာ့ရောဂါကူးစက်မှုအများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၇၅ နိုင်ငံမြောက်ဖြစ်ပြီးတော့ အာဆီယံနိုင်ငံတွေထဲမှာတော့ သေဆုံးမှု တတိယအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org