ပြင်ဦးလွင် ထုံးကုန်းရွာမှာ ကပ်ဘေးကာကွယ်ရေး ရန်ပုံငွေကိစ္စ အငြင်းပွားနေ
ကိုရိုနာအန္တရာယ် ကာကွယ်ရေးအတွက် ကျေးရွာရန်ပုံငွေ ကောက်ခံခဲ့တဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ထုံးကုန်းကျေးရွာမှာ ရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။
-
ခေမဏီဝင်း
2020-08-27 -
-
-
ကိုရိုနာအန္တရာယ် ကာကွယ်ရေးအတွက် ကျေးရွာရန်ပုံငွေ ကောက်ခံခဲ့တဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ထုံးကုန်းကျေးရွာမှာ ရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။
အုပ်ချုပ်ရေးမှူးကလည်း ဒေသတွင်းကောင်းဖို့ လုပ်ဆောင်နေတာဖြစ်တာကြောင့် ရွာသားတွေကို ပြန်တရားစွဲမယ်လို့ ပြောပါတယ်။
ပြင်ဦးလွင်မြို့နယ်၊ ထုံးကုန်းကျေးရွာ ရာအိမ်မှူးက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းအတွက်ဆိုပြီး ကျေးရွာထဲက နေအိမ်တွေကို ငွေကြေးကောက်ခံတာတွေ လုပ်ခဲ့တာကြောင့် အရေးယူပေးဖို့ ဒေသခံတချို့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို တိုင်ကြားထားပါတယ်။
အိမ်ထောင်စုတစ်စုကို ကျပ် သုံးသောင်း၊ ကျပ် နှစ်သောင်းနဲ့ ကျပ် တစ်သောင်းဆိုပြီး ကောက်ခံခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပုဂ္ဂိုလ်ရေးအရ တိုင်တာမဟုတ်ကြောင်းနဲ့ ရန်ပုံငွေကောက်ဖို့ ညွှန်ကြားချက် ရှိ၊ မရှိ သိလိုခြင်းဖြစ်ကြောင်း တိုင်ကြားသူတစ်ယောက်ဖြစ်တဲ့ ထုံးကုန်းကျေးရွာက ဒေသခံ ဦးကြည်မြင့်က ပြောပါတယ်။
“ကိုဗစ်အတွင်းမှာ အနိုင်နိုင် ရုန်းကန်နေကြရတယ်။ မရှိဆင်းရဲသားက တစ်သောင်းဆိုလည်း နှစ်ရက်လောက် စားရတယ်။ ရှိတဲ့သူက ကိစ္စမရှိပေမယ့် မရှိတဲ့သူက ဒုက္ခရောက်ပါတယ်။ ကောက်ခံခိုင်းရင် ကောက်ခံခိုင်းတဲ့ သူကို အရေးယူပေးစေချင်တာ”
ဒေသခံတစ်ဦးဖြစ်တဲ့ မစန်းဝင်းကလည်း ကောက်ခွင့်မရှိဘဲ ကောက်တယ်ဆိုရင် ထည့်ဝင်လိုက်ရတဲ့ ငွေကိုပြန်လို ချင်ကြောင်း ပြောပါတယ်။
“ထည့်တုန်းကတော့ ကြည်ကြည်ဖြူဖြူပဲ ထည့်လိုက်တာပေါ့၊ အခုကျတော့ ကိုဗစ်အတွက်ကို ကောက်ခံခွင့် မရှိဘဲ ကောက်တယ်ဆိုတော့ ဆန်တွေ၊ ဆီတွေ၊ ပဲတွေ ဝေတယ်ဆိုတော့ ရချင်ပါတယ်။ ငွေကို ပြန်ပေးတယ် ဆိုလည်း ရချင်တယ်”
တိုင်ကြားခံရတဲ့ ရာအိမ်မှူး ဦးကျော်ဆွေမြင့်ကတော့ သူ့အနေနဲ့ မရိုးမသား လုပ်မထားလို့ တိုင်ကြားသူတွေကို တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။
“မရိုးရှင်းတာ လုပ်မထားပါဘူး၊ ရဲရဲကြီး အာမခံပါတယ်။ ကောင်းကျိုးကိုပဲ ထောက်ပံ့တယ်။ တိုင်တာတွေ ကလည်း သုံးလေးခါရှိနေပြီ၊ ဒီအချက်ကတော့ တိုင်းသိပြည်သိ မတရားစွပ်စွဲတယ်။ ဒါကိုလည်း မမှန်မကန် တိုင်ကြားမှုနဲ့ စွဲပါမယ်”
ဘယ်ဥပဒေပုဒ်မနဲ့ တရားစွဲမယ်ဆိုတာကိုတော့ ဦးကျော်ဆွေမြင့်က တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။
ကျေးရွာအုပ်စု ဥက္ကဋ္ဌနဲ့ အစည်းအဝေးမှာ ကျေးရွာတွေအနေနဲ့ ရန်ပုံငွေရှာဖွေရေးအဖွဲ့၊ စောင့်ကြည့်လူနာ ထားရှိဖို့နေရာ၊ ချက်ပြုတ်ကျွေးမွေးရေးအဖွဲ့၊ ပစ္စည်းဝယ်ယူစုဆောင်းရေးအဖွဲ့၊ သတင်းပြန်ကြားရေးအဖွဲ့၊ လူနာစုဆောင်းရေးအဖွဲ့၊ မီးသင်္ဂြုဟ်ရေးအဖွဲ့ဆိုပြီး အဖွဲ့ဖွဲ့ဖို့ ညွှန်ကြားချက် ရရှိခဲ့တာကြောင့် ရွာမှာကော်မတီ တွေဖွဲ့ပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်ကြားတဲ့ထဲမှာ ပါဝင်တဲ့ ထုံးကုန်းရွာ ဒေသခံ ဒေါ်စိုးဝင်းက တရားစွဲဆိုမယ်ဆိုရင်လည်း ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။
“ဘယ်သူ့ ခွင့်ပြုချက်နဲ့ ကောက်တာလဲ၊ ဒါကိုလည်း သိချင်ပါတယ်။ တရားစွဲမယ်ဆိုလည်း တရားရုံးမှာ ကျမ်းဆိုခိုင်းမှာ၊ ကောက်တာတွေက သဒ္ဒါကြေးကောက်တာ မဟုတ်ပါဘူး၊ ရွာမှာ လော်နဲ့အော်ကောက်တယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်ဦးလွင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက စစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။
“ရဲတပ်ဖွဲ့ကို စုံခုံဖွဲ့ စစ်ဆေးခိုင်းထားပါတယ်။ အဖြေက တက်မလာသေးတော့ ပြောလို့မရသေးဘူး၊ တိုင်ကြားချက်တွေ ဟုတ်လား၊ မှန်လား စစ်မှာပါ”
တရားလွှတ်တော် ရှေ့နေ တစ်ယောက်ဖြစ်တဲ့ ဦးသိန်းသိန်းဦးကတော့ တရားဝင် ခွင့်ပြုချက်မရဘဲ ကောက်ခွင့် မရှိကြောင်းနဲ့ တကယ်လို့ တရားစွဲလာမယ်ဆိုရင်လည်း ကောက်ခံထားတဲ့ အထောက်အထားပြနိုင်မယ်ဆိုရင် ဒေသခံတွေအနေနဲ့ စိုးရိမ်စရာမလိုကြောင်း ပြောပါတယ်။
အိမ်ထောင်စု ၂၀၀ ကျော်ရှိတဲ့ ထုံးကုန်းကျေးရွာမှာ အလှူငွေ ၃၂ သိန်းကျော် ကောက်ခံရရှိခဲ့ပြီး လက်ကျန်ငွေ ၅ သိန်း ကျန်ရှိနေတယ်လို့ ရန်ပုံငွေကောက်ခံရေးအဖွဲ့က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားသူတွေနဲ့ တိုင်ကြားခံရသူ နှစ်ဖက်လုံးဟာ သတင်းသမားတွေကို ဖိတ်ခေါ်ပြီး ရှင်းလင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။