မန္တလေးမှာ ကိုရိုနာအန္တရာယ်ကာကွယ်ရေး ကန့်သတ်တားဆီးမှုတွေ ရှိလာ

ချင်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တွေ့ရပြီးနောက်မှာ မန္တလေးမြို့မှာလည်း လူစည်ကားတဲ့ နေရာတချို့ကို ကန့်သတ်တားဆီးတာတွေ ရှိလာပါတယ်။

ဝင်ထွက်ခွင့်ပိတ်လိုက်တဲ့ မန္တလေးနန်းတွင်းကို ၂၀၂၀၊ မတ် ၂၄ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - ခေမဏီဝင်း/ RFA

ချင်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တွေ့ရပြီးနောက်မှာ မန္တလေးမြို့မှာလည်း လူစည်ကားတဲ့ နေရာတချို့ကို ကန့်သတ်တားဆီးတာတွေ ရှိလာပါတယ်။

တရုတ်နိုင်ငံကနေ စတင်ပျံနှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ မနေ့က နှစ်ဦး တွေ့ရှိခဲ့တဲ့နောက် မန္တလေးမြို့မှာလည်း တင်းကြပ်တဲ့ စစ်ဆေးမှုတွေနဲ့ လူများရာ နေရာအချို့ကို ပိတ်တာတွေ လုပ်ဆောင် နေပါတယ်။

"မန္တလေးနန်းတွင်းကို ဒီကနေ့စပြီး ဝင်ခွင့်ထွက်ခွင့် ပိတ်လိုက်ပါပြီ၊ တပ်မိသားစုတွေလည်း အရေးမကြီးရင် အပြင်မထွက်ကြဖို့နဲ့ အပြင်ကနေ နန်းတွင်းကို လာရောက်လည်ပတ်တဲ့သူတွေကို လာခွင့်မပေးတော့ပါဘူး၊ နန်းတွင်းကို ဝင်မယ်ဆိုရင်လည်း လက်ဆေးတာ၊ ကိုယ်ပူအချိန်တိုင်းတာတွေကို စစ်တပ်ကနေ ဦးစီးပြီး လုပ်ဆောင်နေတာတွေ့ရပါတယ်။"

ရုံးကိစ္စလာတဲ့သူတွေကတော့ ဝင်လို့ရတယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး စိုးကြည်ခင်က ပြောပါတယ်။

“မြနန်းစံကျော်လာတဲ့အဖွဲ့တွေပေါ့၊ ကန့်သတ်ထားတယ်။ လူစုံတယ်၊ ဒေသပေါင်းစုံက လာတယ်၊ ကိုဗစ် တွေ့တယ်ဆိုတော့ နည်းနည်းထိန်းတဲ့သဘောပါ၊ အားလုံး ပိတ်တာမဟုတ်ပါဘူး၊ နည်းနည်းလျော့သွားရင် ပြန်ဖွင့်မှာပါ"

မန္တလေးနန်းတွင်းမှာ မြန်မာ့တပ်မတော် အခြေစိုက်ထားပြီး အထင်ကရ သမိုင်းအမွေအနှစ်ဖြစ်တဲ့ မြနန်းစံကျော် ရွှေနန်းတော်ရှိတဲ့အတွက် နေ့စဉ် လူထောင်ချီ လာရောက်လေ့ရှိတဲ့နေရာဖြစ်ပါတယ်။

နန်းတွင်းကို ဝင်ထွက်သွားလာခွင့် ပိတ်တာအပြင် မန္တလေးမြို့တွင်းမှာလည်း စားသောက်ဆိုင်တွေ၊ လက်ဖက်ရည် ဆိုင်တွေအနေနဲ့ ဆိုင်မှာထိုင်စားတာတွေကိုခွင့်မပြုဘဲ ပါဆယ်သာ ရောင်းချဖို့ မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ရောဂါရှိသူတွေ့လာတဲ့အတွက် စည်းကမ်းချက်တချို့ ထုတ်ပြန်ရတာဖြစ်တယ်လို့ မန္တလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်ကပြောပါတယ်။

"ထုတ်ပြန်ထားတာ ဆိုင်တွေအားလုံး အကျုံးဝင်တယ်၊ လောလောဆယ်တော့ လူထုကိုအသိပေးတာ၊ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေပါတယ်”

ကိုရိုနာဗိုင်းရပ်စ် လက္ခဏာရှိသူနှစ်ယောက် စတင်တွေ့ရှိခဲ့ပြီးနောက် မန္တလေးဆေးရုံကြီးမှာဆိုရင်လည်း အရေးမကြီးတဲ့ လူနာတွေကို ဆင်းခွင့်ပြုလိုက်ပါတယ်။

ဆေးရုံတိုင်းက ကူးစက်ရောဂါတွေဖြစ်လာရင် ဆေးရုံရဲ့ ဝန်အားကို လျော့ချရပါတယ်လို့ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးကပြောပါတယ်။

“ဘယ်သူက positive၊ ဘယ်သူက negative ဆိုတာကြည့်ရုံနဲ့ မသိနိုင်ဘူး၊ ကုသရေးကော်မတီက အစည်းအဝေးလုပ်တယ်။ ဆေးရုံတိုင်းလုပ်တာပါ၊ အရေးပေါ်လူနာတွေကို အဓိကထားတာပါ၊ အခုကပိုပြီး ခေတ်မှီလာတော့ ဗိုက်ဘာစနစ်နဲ့ သူတို့လူနာတွေနဲ့သူတို့ ပြောလို့ရတယ်။ တယ်လီစနစ်နဲ့ဆိုတော့ လူနာတွေလည်း သက်သာတယ်”

ဗိုင်းရပ် အန္တရာယ်ကို စိုးရိမ်ပြီး မန္တလေးမြို့က နာမည်ကြီး ဆေးဆိုင်ကြီးအချို့ လူတန်းစီဝယ်ကြရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေ အဝင်အထွက်များတဲ့ ကျောက်မျက်ရတနာ ရောင်းချတဲ့ ရောင်းဝယ်ရေးစခန်းကိုလည်း ဒီနေ့ကစပြီး ပိတ်လိုက်တာတွေ့ ရပါတယ်။

တရုတ်အများစုနဲ့ နိုင်ငံခြားသား အများပြားလာရောက်တဲ့ ကျောက်မျက်ရတနာစခန်း ပိတ်ထားလိုက်ပါပြီ၊ ဘယ်အချိန်မှ ပြန်ဖွင့်မယ်ဆိုတာကတော့ တိုင်းအစိုးရရဲ့သဘောထားအပေါ် မူတည်တယ်လို့ ကျောက်ဝိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

“မန္တလေးတိုင်းအစိုးရက ၂၆ ရက်နေ့မှာပိတ်ဖို့ စာထွက်ထားတယ်။ ဒါပေမဲ့ ၂၆ မရောက်ခင် ပိတ်ဖို့ စီစဉ်ထားတယ်။ လောလောဆယ် လူစုလူဝေးမဖြစ်အောင် ထိန်းပေးထားပါတယ်"

မန္တလေးမြို့မှာတော့ ဒီကနေ့မှာဆိုရင် ဆန်ဆိုင်၊ ဆီဆိုင်နဲ့ ဆေးဆိုင်တချို့မှာ လူတွေကြိတ်ကြိတ်တိုး ရောင်းဝယ် နေကြတာတွေ့ရပေမယ့် တချို့ကတော့ စိုးရိမ်မှုသိပ်မရှိဘူးလို့ ဆိုပါတယ်။

“စိုးရိမ်ပေမယ့် လွန်လွန်ကဲကဲတော့ မစိုးရိမ်ပါဘူး၊ တအားကြီးစိုးရိမ်နေရင် အဲဒီရောဂါနဲ့ ဘာမှမဖြစ်ဘဲ စိတ္တဇနဲ့ ဖြစ်သွားမှာပေါ့"

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မန္တလေးမြို့မှာဆိုရင် စောင့်ကြည့်လူနာ ၃၅ ဦးကို ဆေးကုသမှုပေးခဲ့ပြီး လတ်တလောမှာတော့ ဆေးရုံမှာ လူနာ ခုနှစ်ဦးရှိတယ်လို့ မန္တလေးဆေးရုံကြီးက သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org