ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအခက်ကြုံနေ
ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာ ၁ သန်းခန့် ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ရှိခဲ့ပြီးနောက် အကြီးအကျယ် ပြန့်ပွားကူးစက်မှုတွေ ပေါ်ပေါက်လာမှာကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်ခေါင်းဆောင်တွေက စိုးရိမ်နေပါတယ်။
-
ခင်မောင်စိုး
2020-05-27 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်နေသူ ၂၉ ဦးကို တွေ့ရှိခဲ့ရပြီးနောက် အဲဒီလူတွေကို သီးသန့်ထားကုသပေးနေပြီး သူတို့မိသားစုဝင်တွေအပါအဝင် တခြား ဒုက္ခသည် ၁၅ဝဝဝ ခန့်ကို စခန်းထဲက တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိအောင် သီးခြားထားစောင့်ကြည့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဌာန အရာရှိတွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြောကြားခဲ့ပါတယ်။
ကုတုပလောင်စခန်းရှိ ဆိုင်းဖူးလ်ဆိုတဲ့ ရိုဟင်ဂျာခေါင်းဆောင်တဦးက သူတို့စခန်းတွေမှာ ဒီဗိုင်းရပ်စ် အလွယ်တကူပြန့်ပွားကူးစက်မယ့် အန္တရာယ်ရှိနေပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သူတို့ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမယ့် လူတွေက ပြည့်ကျပ်နေတဲ့အတွက် ထိန်းချုပ်လို့ မရဘူးလို့ RFA ကို မနေ့က ပြောပါတယ်။
တခြားဒုက္ခသည်စခန်းတခုဖြစ်တဲ့ တန်ခါလီစခန်းက ဦးခင်မောင်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမယ့် အန္တရယ်အလွန်ကြီးမားတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီ အမြန်ဆုံးလိုအပ်နေတယ်လို့ ဆိုပါတယ်။
လန်ဒန်အခြေစိုက် မြန်မာလူ့အခွင့်အရေးကွန်ရက် BHRN အမှုဆောင်ညွန်ကြားရေးမှူး ဦးကျော်ဝင်း က ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အဲဒီ ဒုက္ခသည်စခန်းတွေမှာ အင်တာနက် ပိတ်ပင်ထားမှုကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ လိုတယ်လို့ ဝေဖန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေတဲ့ ကုတုပလောင်စခန်းမှာ ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းခန့်ရှိပြီး အဲဒီ ကော့ဇ်ဘဇားဒေသတခုလုံးမှာတော့ ဒုက္ခသည်စုစုပေါင်း ၁ သန်း ခန့်နေထိုင်လျှက်ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုလို ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာတဲ့ နိုင်ငံတခုမှာတောင် ကာကွယ်တားဆီးနိုင်မှုဟာ အကန့်အသတ်ရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်လို ဆင်းရဲတဲ့ နိုင်ငံတခုမှာ ရောက်ရှိခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကျော်လွှားရေးဟာ ရင်လေးစရာဖြစ်နေပါတယ်။