ဗိုင်းရပ်စ်ကူးစက်သူတွေကို နိုင်နင်းစွာကုသနိုင်ဆဲဟု ဆရာဝန်ကြီးပြော
ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ပြည်သူလူထုက ပိုမိုအလေးအနက်ထား လာတာ မြင်တွေ့ရပြီး လက်ရှိအခြေအနေအထိ အသက်ရှူစက် လိုအပ်တဲ့လူနာတွေ ကို လုံလောက်စွာ ကုသပေးနိုင်ပါတယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံအရေးပေါ် အထူးကုဌာန တာဝန်ခံ ဆရာဝန်ကြီး ပါမောက္ခ ဒေါ်ခိုင်ရွှေဝါက ပြောပါတယ်။
-
ခင်မောင်စိုး
2020-09-23 -
-
-
ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ပြည်သူလူထုက ပိုမိုအလေးအနက်ထားလာတာ မြင်တွေ့ရပြီး လက်ရှိအခြေအနေအထိ အသက်ရှူစက်လိုအပ်တဲ့လူနာတွေကို လုံလောက်စွာကုသပေးနိုင်ပါတယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံအရေးပေါ်အထူးကုဌာန တာဝန်ခံ ဆရာဝန်ကြီး ပါမောက္ခ ဒေါ်ခိုင်ရွှေဝါက ပြောပါတယ်။ တဆက်တည်းမှာပဲ ညွန်ကြားချက်တွေကို လိုက်နာဖို့နဲ့ ဆေးရုံကို အချိန်မီလာရောက်ကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကုသရေးနဲ့ပတ်သက်ပြီး မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံရောက်လာသူတွေကို အေ၊ ဘီ၊ စီ အဆင့် ၃ ဆင့်ခွဲလိုက်ပါတယ်။ အေ အဆင့်က ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုရှိခဲ့ပေမယ့် ရောဂါလက္ခဏာတစုံတရာ မရှိသေးသူတွေဖြစ်ပြီး ဘီအဆင့်ကတော့ အနံ့ပျောက်၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ ဖျားနာစတဲ့ လက္ခဏာပြသူတွေပါ။ စီ အဆင့်ကတော့ အသက်ရှူရခက်ခဲတဲ့ လူနာတွေဖြစ်ပြီး အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်သူတွေဖြစ်ပါတယ်လို့ အရေးပေါ်အထူးကုဌာန တာဝန်ခံ ဆရာဝန်ကြီး ဒေါ်ခိုင်ရွှေဝါကပြောပါတယ်။
“C အဆင့်က တအားဆိုးနေပြီ၊ အသက်ရှူတအားကြပ်နေပြီ။ လူနာကမောပြီး ရောက်လာတာမျိုးပေါ့နော်။ နောက်ပြီး တခြား နောက်ခံရောဂါရှိတဲ့သူတွေပေါ့။ အသက်ကြီးတယ် သွေးတိုးရှိတယ်။ ဆီးချိုရှိတယ်။ နှလုံးရှိတယ်။ အဲလိုလူနာတွေကို သီးသန့် ကျမတို့က Fever room ဆိုတာကို တန်းထည့်ရတယ်။ အဲဒီအခန်းထဲမှာ အသက်ရှူကိရိယာတွေ ထည့်လို့ရတာတွေရော အကုန်လိုလေသေးမရှိ ပြင်ထားတယ်။ ဒီဘက်က B အဆင့်သမားတွေကိုတော့ အပြင်မှာထားတယ်။ ကျမဌာနက နည်းနည်းကျဉ်းတယ်။ ကျဉ်းတော့ စင်္ကြန်လမ်း corridor ကို ကျမသိမ်းလိုက်ရတာပေါ့နော်။ လူနာတွေကို သယ်တဲ့လမ်းကို သိမ်းပြီး အဲဒီ B အဆင့်လူနာတွေအကုန်လုံးကို ထိုင်ခုံတွေနဲ့ တဦးနဲ့ တဦးခွာပြီး တန်းစီထားတယ်။ အဲဒီမှာ လူနာတွေကို History မေးရတယ်။ History က အရမ်းအရေးကြီးပါတယ်။ အနံ့မရတော့ဘူးဆိုတာနဲ့ ကျမတို့က contact ရှိလားပေါ့။ မရှိဘူး မရှိပေမယ့်လည်း ဘယ်လိုချောင်းဆိုးတာလဲ။ ဖျားတာက ဘယ်လိုဖြစ်တာလဲ အခြားဘာတွေရှိလဲ။ အဲဒီသူကို သွေးဖောက်တယ်။ ဓာတ်မှတ်ရိုက်တာလုပ်တယ်”
အဲဒီလိုစစ်ဆေးပြီးနောက် အထက်မှာရှိတဲ့ ကိုဗစ်စီမံခန့်ခွဲမှု ကော်မတီပညာရှင်တွေကို ချက်ချင်းတင်ပြပြီး ဘယ်ဌာနမှာ လူနာကို ထားမှာလဲ ဆုံးဖြတ်ဆောင်ရွက်ရတယ်လို့ ဆိုပါတယ်။
“အသက်ရှူအကူစက်တွေ Vantilator ရှိတဲ့နေရာကျတော့ Isolation 1 လို့ သတ်မှတ်ပြီးတော့ မလိုတဲ့နေရာကျတော့ Isolation 2 လို့ သတ်မှတ်တယ်- အဲဒီအခန်းမှာ ရိုးရိုး အောက်ဆီဂျင်လောက်ပဲ လိုတဲ့သူမျိုးတွေ ထားတယ်။ အခုကျတော့ ကျမတို့က နောက်ထပ် isolation 3 တို့ 4 တို့ အထိချဲ့ရတယ် ဘာလို့လဲဆိုတော့ တချို့လူနာတွေက အနံ့ပဲပျောက်တာ ကျန်တာ ပရက်ရှာတို့ purse တို့ အကုန်လုံး လူကောင်းအတိုင်းပဲ တချို့အဖျားတောင်မရှိဘူး။ အခုလေ့လာတွေ့ရှိချက်အရ အနံ့ပျောက်တဲ့ symptom နဲ့ လာရင် ၁ဝဝ မှာ ၉ဝ လောက်က အမြဲ positive တွေ့တယ်။ အဲဒီတော့ အနံ့ပျောက်တဲ့ လူတွေချည်းထားတဲ့ လူနာဆောင် တဆောင် ကျမတို့ထပ်ဖွင့်ရတယ်။ အဲဒါ isolation 3 ပေါ့။ ပြီးတော့မှ အဲဒီလူတွေကို ကျမတို့က swab ယူရပါတယ်။ Swab အဖြေက positive ပိုးတွေ့တယ်ဆိုရင် ကျမတို့က designated သတ်မှတ်ထားတဲ့ဆေးရုံကို transport အဖွဲ့က ပို့ရတယ်။ အဲဒီ transport ပို့ဆောင်ရေး အဖွဲ့မှာတော့ emergency physician အရေးပေါ်ဌာန ဆရာဝန်လေးတွေက အစီအစဉ်လုပ်လိုက်ပါတယ်ပေါ့။ဒါပေမဲ့ ဘယ်လိုအချိန်မှာ ကျမတို့ emergency specialist အရေးပေါ်အထူးကုတွေက လူနာပို့တဲ့ transportation team အဖွဲ့နဲ့လိုက်သလဲဆိုတော့ အရမ်းဖျားနေ အခြေအနေဆိုးနေတဲ့ လူနာတွေကို လမ်းတလျှောက်မှာ ပိုပြီးအခြေအနေမဆိုးအောင် တာဝန်ယူလိုက်ပါပေးပါတယ်။”
အခုလိုကူးစက်သူများလာမှာကို ပညာရှင်တွေက ကြိုတင်တွက်ချက်မျှော်လင့်ပြီးသား ဖြစ်တဲ့အတွက် လိုအပ်သလို ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ လက်ရှိမှာ အခက်အခဲတွေကြားကပဲ ကောင်းမွန်စွာ ထိန်းထားနိုင်ပါတယ်လို့လည်း ပါမောက္ခ ဒေါ်ခိုင်ရွှေဝါ ကပြောပါတယ်။
“ပြည်သူလူထုကို ကျမတို့က ဒီထက်ပိုပြီးတော့ စောစောစီးစီး ပူးပေါင်းပါဝင်စေချင်တာပေါ့၊ ခုနောက်ပိုင်းကျမှ သူတို့ သေနှုန်းပဲမြင့်လာလို့လား မပြောတတ်ဘူး ပိုပြီးဆေးရုံကိုအားကိုးပြီးတော့ ပိုပြီးလာတာတွေ့ရတယ်။ ထူးဆန်းတာက အရင်ကဖျားတယ်။ အဖျားနဲ့လာတဲ့လူနာတွေနဲ့ လည်ချောင်းနာနဲ့ လာတဲ့သူတွေများတယ်။ အခုဆေးရုံလာတဲ့လူနာ အများစုက အနံ့ပျောက်လို့လာတာပါ။ ဖျားတဲ့ fever လူနာက နည်းနည်းတော့ နည်းသွားတယ်၊ အသက်ရှူစက်တွေလိုသလားဆိုတော့ အခု တော်တော်ကြီးကို အလှူရှင်တွေက လှူကြတဲ့အတွက်ကြောင့် ကျမတို့ မြောက်ဥက္ကလာ အရေးပေါ်ဌာန emergency အနေနဲ့က ကုတင် ၆ လုံးရှိရင် အသက်ရှူစက် ကုတင် ၆ လုံးကို အလုံအလောက် ပေးနိုင်လောက်အောင် အခုအခြေအနေမှာ ရှိနေတယ်။ နောက်ပြီးတော့ ဖျားတိုင်းလည်း ကိုဗစ်ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ ဒေသတွင်းကူးစက်မှု local transmission ကြောင့်လည်း ကိုဗစ်ဖြစ်နိုင်တယ်။ အဲဒီတော့ ဖျားရင် ပါရာစီတမောလေး သောက်ကြည့်။ ကျန်းမာအောင် ကိုယ်ခံအားကောင်းအောင် လုပ်ကြည့်။ အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်အောင်စား။ အဲဒါတွေ လုပ်ကြည့်ပြီးတော့ သူ့ဘာသာကောင်းရင် ကောင်းသွားမယ်။ အဲလိုလုပ်ရင်းမှ လည်ချောင်းတွေလည်း နာလာတယ် အသက်ရှူလို့ မကောင်းတော့ဘူး။ အနံ့တွေလည်း ပျောက်လာတယ်ဆိုရင် ဆေးရုံကိုလာရမှာပေါ့။ သံသယတွေများပြီး စိတ်ဖိစီးမှုတွေ များပြီးတော့လည်း လူတွေကို မရှင်သန်စေချင်ဘူး။ မပူဘဲလည်း မနေနဲ့။ အရမ်းလည်း မစိုးရိမ်နဲ့ပေါ့”
ပြည်သူလူထုအနေနဲ့ သက်ဆိုင်ရာညွှန်ကြားချက်တွေကို အစွမ်းကုန်လိုက်နာပြီး လိုအပ်ရင် ဆေးရုံကို အချိန်မီလာရောက်ဖို့ အရေးအလွန်ကြီးပါတယ်လို့ ဆရာဝန်ကြီး ဒေါ်ခိုင်ရွှေဝါက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။