ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အားကောင်းနေဆဲ

ကမ္ဘာတဝှမ်း ကိုရိုနာ ကူးစက်မှုအခြေအနေဟာ မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီအထိ သတင်းတွေအရ ကူးစက်ခံရသူ ကိုးသိန်းလေးသောင်းနီးပါး၊ သေဆုံးသူ လေးထောင့် ခုနစ်ရာကျော် ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိ ဓာတ်ခွဲစမ်းသပ်ရန် တောင်အာဖရိကနိုင်ငံတစ်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဉီး ပြင်ဆင်နေစဉ်။ Screenshot: Reuters

ကမ္ဘာတဝှမ်း ကိုရိုနာ ကူးစက်မှုအခြေအနေဟာ မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီအထိ သတင်းတွေအရ ကူးစက်ခံရသူ ကိုးသိန်းလေးသောင်းနီးပါး၊ သေဆုံးသူ လေးထောင့် ခုနစ်ရာကျော် ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူအများဆုံးဖြစ်ပြီး သူ့နောက်မှာ အီတလီနဲ့ စပိန်ရှိပါတယ်။ ရောဂါ စတင်ခဲ့တဲ့ တရုတ်ပြည်က စတုတ္ထနေရာ ရောက်သွားပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ ၁၆ ဦးရှိပြီး၊ တစ်ဦးသေဆုံးခဲ့ပါတယ်။

တွေ့ရှိချက်အသစ်တွေအရ အမေရိကန်နဲ့ အိုက်စလန်မှာ ရောဂါပိုး ကူးစက်ခံရသူ ၂၅ရာနှုန်းကနေ ၅၀ ရာနှုန်းလောက်ဟာ ရောဂါလက္ခဏာ မပြတဲ့ ရောဂါပိုးသယ်ဆောင်သူတွေ ဖြစ်လာခဲ့ပြီး တခြားသူတွေကို  ကူးစက်စေခဲ့ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်း ကမ္ဘာမှာ လူသားတွေအပေါ်  အကြီးမားဆုံး စမ်းသပ်ခံရမှု ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ရောဂါကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ချို့ အပြောင်းအလဲရှိမယ်လို့ WHO ကလည်း ပြောပါတယ်။ ရောဂါပိုးအသစ် ဖြစ်တဲ့အတွက် တွေ့ရှိချက်အသစ်တွေ ပေါ်ပေါက်လာရင် ထပ်မံကြေညာမယ်လို့လည်း ပြောပါတယ်။

ဒီအတောအတွင်း အနုမြူ၊ သိပ္ပံနည်းပညာနဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ စမ်းသပ်မှုတွေ ဆောင်ရွက်နိုင်အာင် နိုင်ငံပေါင်း ၄၀ လောက်ကို  လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို စတင်ပေးအပ်မယ်လို့ ကုလသမဂ္ဂ အနုမြူအေဂျင်စီ က ပြောပါတယ်။

အဲဒီနည်းပညာဟာ လူတယောက်မှာ ဗိုင်းရပ်စ်ကူးစက်မှု ရှိမရှိ စမ်းသပ်သိရှိနိုင်ပြီး၊ ဖွဲ့ဖြိုးပြီးနိုင်ငံတွေမှာ ပုံမှန်သုံးစွဲနေတာ ဖြစ်ပါတယ်။ အဲဒီနည်းပညာကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါ င်း ၉၀ လောက်က တောင်းခံထားပြီး၊ အိရန်၊ အီဂျစ်၊ ကင်ညာ၊ နိုင်ဂျီရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ကျူးဘား၊ ပီရူး၊ ဥရုဂွေး စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။ အဲဒီနိုင်ငံတွေကို ပထမအသုတ်အနေနဲ့ ဒေါ်လာလေးသန်းခွဲကျော် တန်ဖိုးရှိတဲ့ နည်းပညာနဲ့ ပစ္စည်းတွေ ပေးအပ်မှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး တာဝန်ယူထားတဲ့  စီးပွားရေးဝန်ကြီး တာကေဒါက... ECMO ခေါ် နှလုံး နဲ့ အဆုတ် လည်ပတ်ရေး စက်ကိရိယာတွေ တိုးမြှင့်ထုတ်လုပ်မယ်လို့ ပြောပါတယ်။ အဲဒီကိရိယာတွေဟာ အခြေအနေဆိုးနေတဲ့ ကူးစက်ခံလူနာတွေအတွက် ထိရောက်မှုရှိပြီး၊ အဲဒီလို လူနာအရေအတွက် ပိုမိုများပြားလာဖွယ် ရှိတယ်လို့လည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ခံလူနာသစ်တွေ နေ့စဉ် မြင့်တက်လာနေပြီး အခုအခါ တစ်သိန်းကိုးသောင်း ဝန်းကျင်အထိ ရှိလာတဲ့အတွက် ကမ္ဘာမှာ အမြင့်ဆုံးအဆင့်ကို  ရောက်ရှိနေပါတယ် ။ သေဆုံးသူကလည်း လေးထောင်ကျော် ရှိသွားပါပြီ။ နယူးယောက် တစ်မြို့ထဲမှာတင် သေဆုံးသူ တစ်ထောင်ကျော် ရှိခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း "ကံဆိုးမိုးမှောင်ကျတဲ့ သီတင်းနှစ်ပတ်" အဖြစ် ပြောဆိုလိုက်ပြီး၊ အမေရိကန်ပြည်ထောင်စုမှာ ဒီကပ်ရောဂါ ပြီးဆုံးမသွားခင် သေဆုံးသူ တစ်သိန်းကနေ  နှစ်သိန်းခွဲလောက်အထိ ရှိနိုင်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

နယူးယောက်မှာဆိုရင်  ဆေးရုံတွေ ပြင်ပလူမြင်ကွင်းမှာ အလောင်းတွေကို ဝန်ချီစက်နဲ့  အအေးခန်း ထရပ်ကားတွေထဲ ထည့်သွင်းနေတာ တွေ့မြင်နေရတယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။  

ဒီအတောအတွင်း အီးယူနိုင်ငံတွေမှာ အရေးပေါ် ကုသနိုင်ဖို့အတွက် ဆေးရုံတွေ မလုံမလောက်ဖြစ်နေပြီး၊ ယာယီဆေးရုံတွေမှာ ကုသပေးနေရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလညး မလုံမလောက် ဖြစ်နေတာပါ။ လန်ဒန်မှာ ကုတင်လေးထောင်ဆံ့ ယာယီဆေးရုံတစ်ရုံကို ရက်ပိုင်းအတွင်း ပြီးစီးအောင် တည်ဆောက်ခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org