ထိုင်းနယ်စပ်ဂိတ်ပိတ်၊ ပြန်လာသူတွေ ဝင်ခွင့်ကန့်သတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နေချိန်ကာလမှာ ထိုင်းနယ်စပ်ကနေ ပြန်ဝင်လာသူတွေကို ဒီကနေ့ကစလို့ မြန်မာအစိုးရက ယာယီ ပိတ်ပင်လိုက်ပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးကလည်း သူတို့ထိန်းချုပ်နယ်မြေတွေမှာ သတိပေးချက်တွေကို ထုတ်ပြန်ထားပြီး မလိုက်နာရင် အရေးယူသွားမယ်လို့ ပြောဆိုထားတာပါ။

gate-622.jpg

 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ နေရပ်ပြန်လာတဲ့သူတွေကို ဧပြီ ၁ ရက် ဒီနေ့ကစလို့ ၂ ပတ် ယာယီပိတ်ပင်လိုက်တာပါ။ အဓိကကတော့ မတ်လ ၂၃ ရက်နေ့မှာ နေရပ်ပြန် လာသူတွေထဲက ၁ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကို တွေ့ရှိပြီးနောက်ပိုင်း - ပြန်ဝင်လာတဲ့သူအားလုံးကို စောင့်ကြည့်ရေးစင်တာတွေမှာ ၁၄ ရက်ထားပြီးတော့ စောင့်ကြည့်နိုင်ဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ ယာယီ ပိတ်ပင်တာဖြစ်တဲ့အကြောင်း မြန်မာအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင် က ပြောပါတယ်။

 

“ဂိတ်တွေအကုန်လုံးကတော့ ပိတ်နေပါပြီ။ ၁၅ ရက် ၄ လ ၂ဝ၂ဝ ထိကတော့ မြန်မာနိုင်ငံကို လောလောဆယ် နယ်စပ်တွေမှာ ပြန်မဆင်းသေးဘဲ ခဏလေး စောင့်ဆိုင်းပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မေတ္တာရပ်ခံထား တာပေါ့။ နယ်စပ်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ၁၄ ရက်ပေ့ါနော် စောင့်ကြည့်မှု လုပ်ဖို့အတွက် ပြင်ဆင်ဖို့ရာတွေ ရှိပါတယ်ဗျ”

 

ကျန်းမာရေးဝန်ကြီးဌာနကတော့ - နယ်စပ်တွေကနေ နေရပ်ပြန်လာသူတွေများပြီး၊ သူတို့အချင်းချင်းကြားမှာ ရော၊ ပြည်တွင်းနေထိုင်သူတွေဆီကိုပါ ရောဂါကူးစက်ပြီး ကပ်ရောဂါကြီး ဖြစ်မယ့် အလားအလာ အလွန်များနေ တယ်လို့ သတိပေးထားတာပါ။

ဒီလို နေရပ်ပြန်လာသူတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရတဘက်တည်းက ကန့်သတ်တာတော့ မဟုတ်ပါဘူး။ ထိုင်းအစိုးရဘက်ကလည်း နေရပ်ပြန်မယ့်သူတွေ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပြဖို့ တောင်း ဆိုထားကြောင်း - မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

“ထိုင်းနိုင်ငံရဲ့ သက်ဆိုင်ရာ ဆေးရုံဆေးပေးခန်းကို သွားပြီးတော့ ထိုင်းနိုင်ငံမှာနေထိုင်စဉ် ရ ရက်အတွင်းမှာ ကိုဗစ်-၁၉ မရှိဘူးဆိုတဲ့အကြောင်း၊ ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့အကြောင်း အဲ့ဒီထောက်ခံစာကို ယူလိုက်တယ်။ ယူပြီးတဲ့အခါကျတော့ ဘန်ကောက် အပါအဝင် ခရိုင်ဒေသအသီးသီးကနေ မဲဆောက်ကို ဆင်း လာတယ်။ လမ်းခရီးမှာ စစ်ဆေးရေးဂိတ် ၄ ခုရှိတယ်။ အဲဒီ ၄ ခုကနေ ဆေးလက်မှတ်တွေ ယူကြည့်တာပေါ့ ဗျာ။ မဲဆောက်အမှတ်-၂ တံတားကနေ နေရပ်ပြန်ကြမယ့်သူတွေက ခရိုင်ကျော်ပြီးလာရတာဖြစ်တဲ့အတွက် မိမိတို့ဟာ ရ ရက်အတွင်း ကျန်းမာရေးကောင်းမွန်ကြောင်း ဘာရောဂါမှ မရှိတဲ့အကြောင်း ထောက်ခံစာ လိုတဲ့ သဘောလေးပါ”

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ တရားမဝင် နယ်စပ်ဂိတ်တွေလည်း ရှိနေတာကြောင့် - ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေး အစိုးရရဲ့ စီမံကိန်းဟာ အောင်မြင်ပါ့မလားဆိုပြီး စိုးရိမ်သူတွေလည်း ရှိပါတယ်။ KNU ထိန်းချုပ် နယ်မြေတွေမှာတော့ - စည်းကမ်းချက်တွေထုတ်ပြန်ထားပြီး မလိုက်နာရင် အရေးယူသွားမယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး က ပြောပါတယ်။

“တော်ရုံတန်ရုံကိစ္စမရှိဘဲ ကိုယ့်နယ်မြေဒေသထဲကို တခြားလူတွေ ဝင်လာတာကအစ ထိန်းချုပ်တဲ့ပုံစံမျိုး၊ အဓိကလိုချင်တာက မလိုအပ်ဘဲနဲ့ အရင်လို တရွာကနေ တရွာ သွားလာလည်ပတ်တာတို့ အဲ့ဒါမျိုးတွေကို ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်။ နယ်စပ်ဒေသဆိုရင်လည်း ရွှေ့ပြောင်းအလုပ်သမားတွေက ချောင်းဖြတ်ပြီး ကူးလာ တာမျိုးတွေကို ထိန်းသိမ်းနိုင်အောင်ပေါ့နော်။ enforcement ကတော့ ရှိမှာပါ။ ဒါကလည်း စည်းကမ်း ချက်တွေကို လိုက်နာအောင်ဆိုတဲ့ အခြေခံပေါ် မူတည်ပြီးတော့ လုပ်ထားတာပဲရှိပါတယ်”

အရေးယူတဲ့ပုံစံတွေကတော့ နယ်မြေဒေသပေါ်မူတည်ပြီး မတူဘူးလို့လည်း ပဒိုစောတာဒိုမူးက ပြောပါတယ်။ KNU တပ်မဟာ - ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်မှာ စည်းကမ်းချက်တွေကို မလိုက်နာရင် ၁၄ ရက် ထိပ်တုံးခတ်တာနဲ့ ငွေဒဏ် ၃ သိန်း ချမှတ်မှာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ - မတ်လ ၁၉ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၁ဝ ရက်အတွင်း မဲဆောက်-မြဝတီချစ်ကြည်ရေး အမှတ် ၂ တံတားကနေ - ပြန်လာသူ ၂ သောင်း ၃ ထောင်ကျော် ရှိတယ်လို့ စာရင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဧပြီ ၁ ရက်နေ့ ညနေ ၄ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅ ဦးရှိပြီး၊ အဲဒီထဲက ၁ ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org