အပြင်းအထန်ချောင်းဆိုးမှုကြောင့် လူ ၁၄ ဦး သေဆုံးမှု ရောဂါ ဇစ်မြစ်ကို စစ်ဆေးနေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ လဟယ်မြို့ နယ် လောနောက်ကုန်းရွာနဲ့ လောနောက်အင်းရွာ တို့မှာ အပြင်းအထန်ချောင်းဆိုးပြီး လူ ၁၄ ယောက် သေဆုံးခဲ့တဲ့ အတွက် ရောဂါဇစ်မြစ် သိရှိနိုင်အောင် ကျန်းမာရေးဌာန အပါအဝင် တပ်မတော် ဆရာဝန်တွေ သွားရောက် စစ်ဆေးကြပါတယ်။
-
2017-03-05 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် လောနောက်ကုန်းရွာ နဲ့ လောနောက် အင်းရွာတို့မှာ အပြင်းအထန်ချောင်းဆိုးပြီး လူ ၁၄ ယောက် သေဆုံးခဲ့တဲ့အတွက် ရောဂါဇစ်မြစ် သိရှိနိုင်အောင် ကျန်းမာရေးဌာနအပါအဝင် တပ်မတော် ဆရာဝန်တွေ သွားရောက် စစ်ဆေးကြပါတယ်။
ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို နောက် ၃ ရက်လောက်နေရင် သိရမှာဖြစ်တယ်လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဥက္ကဌရဲ့ ကိုယ်ရေးအရာရှိ ဦးမောင်ဟန် က ပြောပါတယ်။
"သူတို့က အဲဒီကိုသွားပြီးတော့ ဘာဖြစ်တယ်ဆိုတဲ့ ရောဂါရဲ့ အခြေအနေကို သုံးသပ်မယ်။ ၁ ရက် ၂ ရက်တော့ ကြာဦးမယ်ထင်တယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အတိအကျ မပြောနိုင်သေးဘူး။ မပြောနိုင်သေးတဲ့အတွက်ကြောင့် သူတို့ရွာရဲ့အခြေအနေကိုလည်း ကြည့်ဦးမယ်ထင်တယ်။ ၂ ရက် ၃ ရက်ဆိုရင် အသေးစိတ် သိနိုင်ပါတယ်။"
လဟယ်မြို့နယ် တွေးထွေနောက်ကုန်းအုပ်စု လောနောက်ကုန်းကျေးရွာနဲ့ လောနောက် အင်းကျေးရွာမှာ ဖေဖော်ဝါ ရီလ နဲ့ မတ်လဆန်းပိုင်းအထိ အပြင်း အထန် ချောင်းဆိုးမှုကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ပွားနေတာကို မတ်လ ၂ရက်နေ့ကမှ ဒေသတာဝန်ရှိသူတွေ သတင်းရရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ အများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်ပြီး အသက် ၂ နှစ်ကျော်အရွယ် ကလေးတစ်ဦးပါဝင်တယ်လို့ သိရပါတယ်။
အဲဒီကျေးရွာနှစ်ရွာမှာ လူဦးရေစုစုပေါင်း ၉၀၀ ကျော်ရှိပြီး လဟယ်မြို့နယ်ကနေ မိုင် ၅၀ ခန့် ကွာဝေးတဲ့ရွာတွေဖြစ် ပါတယ်။