စစ်ကောင်စီကြေညာချက်ကြောင့် လှုပ်ရှားမှုတွေရပ်မှာ မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုတွေ ပြော

နေအိမ်၊ တိုက်ခန်းတွေမှာ အကြမ်းဖက်ကျူးလွန်ရင် နိုင်ငံပိုင်သိမ်းမယ်လို့ စစ် ကောင်စီက မနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ ပြည်သူတွေကို ကြောက်လန့် အောင် ခြိမ်းခြောက်တာဖြစ်ပြီး စစ်အာဏာရှင်က ပိုခြိမ်းခြောက်လေ ပြည်သူတွေက တုံ့ပြန်မှုပိုပြင်းထန်လေ ဖြစ် မှာပဲလို့ နိုင်ငံရေးလှုပ်ရှားသူတွေက ရှုမြင်သုံးသပ်ပါတယ်။ ဒီကြေညာချက်ဟာ မြို့ပြတိုက်ပွဲတွေ အရှိန်ပိုမြင့်လာ မှာကို တားဆီး ခြိမ်းခြောက်တာ ဖြစ်ပေမယ့် တော်လှန်ရေးအင်အားစုတွေကတော့ သူတို့ရဲ့လှုပ်ရှားမှုတွေ ရပ်တန့် သွားမှာ မဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။

ရန်ကုန်မြို့မှာ မတ်လ ၇ ရက်နေ့က အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူများကို ဖြိုခွင်းရန် စောင့်ဆိုင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ Photo: AFP

နေအိမ်၊ တိုက်ခန်းတွေမှာ ဧည့်စာရင်းမတိုင်ဘဲ ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုကျူးလွန်ရင် အဲဒီ နေအိမ်၊ တိုက်ခန်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းမှာဖြစ်သလို စစ်ဆေးပေါ်ပေါက်ရင်လည်း နိုင်ငံပိုင်အဖြစ် သိမ်းယူသွားမယ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့ မနေ့က ကြေညာပါတယ်။

ဒီလိုဖြစ်ရပ်အတွက် နေအိမ်၊ တိုက်ခန်းပိုင်ရှင်မှာလည်း တာဝန်ရှိတာဖြစ်လို့ သက်ဆိုင်ရာဥပဒေနဲ့ အရေးယူမယ်လို့လည်း ဆိုပါတယ်။

ဒါဟာ ဇွန်လ ၈ ရက်နေ့က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွေးစုအနောက်ကျေးရွာက နေအိမ်တစ်ခုမှာ လက်နက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်ရမိတာ၊ မန္တလေးမြို့ပေါ်မှာ ဇွန် ၂၂ ရက်က အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခန်းတစ်ခုကနေ တိုက်ခိုက်ခဲ့တာ၊ ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ဩဂုတ်လ ၄ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံးတာတို့ကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ဒါဟာ စစ်ကောင်စီဟာ မြို့ပြတိုက်ပွဲတွေ အရှိန်ပိုမြင့်လာမယ့်အပေါ် ခြိမ်းခြောက်လိုက်တာ တစ်ခုလို့ မြင်ပါတယ်။

မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတစ်ဦးကလည်း စစ်ကောင်စီရဲ့ဒီထုတ်ပြန်ချက်က ပြည်သူတွေကို ကြောက်လန့်အောင် ခြိမ်းခြောက်တာဖြစ်သလို တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း သူတို့ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တကသ ကျောင်းသားဟောင်းများအင်အားစုက ကိုဇေယျာလွင်ကလည်း တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေက မကူညီနိုင်အောင် ခြောက်လှန့်တာဖြစ်ပေမယ့် ပြည်သူတွေအနေနဲ့က စစ်အာဏာရှင်တော်လှန်ရေးမှာ တထောင့်တစ်နေရာက ကူညီလိုစိတ်ရှိနေတာကြောင့် ဘယ်လိုပဲ သူတို့ကို ကြောက်အောင် ခြောက်လှန့်ခြောက်လှန့် မကြောက်မရွံ့ဘဲ အာဏာရှင်တော်လှန်ရေးကို ဆက်ပြီး အကူညီပေးနေမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

စစ်ကောင်စီရဲ့ မနေ့က ကြေညာချက်မှာ နေအိမ်၊ တိုက်ခန်းငှားရမ်းနေထိုင်သူတွေဟာ ဧည့်စာရင်းတိုင်ဖို့လိုသလို အိမ်ရှင်တွေဘက်ကလည်း သံသယရှိရင် အချိန်မီသတင်းပို့ပြီး ပူးပေါင်းပါဝင်ဖို့ လိုကြောင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ တိုက်ခန်းဌားရမ်းနေထိုင်သူတစ်ဦးတော့ စစ်ကောင်စီက ဧည့်စာရင်းတိုင်ဖို့ ဖိအားပေးနေတာလို့ ယူဆတာကြောင့် လက်ခံမှာမဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org