စစ်ကောင်စီကြောင့် ဆေးဝန်ထမ်း အနည်းဆုံး၂၅ ဦး သေဆုံးကြောင်း အမေရိကန်ဆေးနဲ့လူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက အနှောင့်အယှက်ပေးတဲ့အတွက် အနည်းဆုံး ဆေးဝန်ထမ်း ၂၅ ယောက် သေဆုံးရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ သူနာပြုများ။ File Photo/ RFA

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ၂၅၂ ကြိမ်ထက်မနည်း ထိပါးနှောင့်ယှက် တိုက်ခိုက်တဲ့အတွက် ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ် အနည်းဆုံး ၂၅ ယောက် သေဆုံးရပြီး covid-19 တကျော့ပြန်လာချိန်မှာ တုံ့ပြန်ကုသရေး အဟန့်အတား ဖြစ်ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက မနေ့က ပြောကြားလိုက်ပါတယ်။

Insecurity Insight, အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် PHR Physicians for Human Rights လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့ အမေရိကားက CPHHR Johns Hopkins University Center for Public Health and Human Rights - Johns Hopkins တက္ကသိုလ် ပြည်သူ့ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဌာန က ပြုစုတဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့က အာဏာသိမ်းမှုဆန့်ကျင်ရေးမှာ ပါဝင်ဆန္ဒပြခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းများ။ (File Photo: RFA)

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကျန်းမာရေးဝန်ထမ်း ၁၉၀ ကျော်လည်း ဖမ်းဆီးခံရပြီး ဆေးရုံတွေလည်း ၈၆ ကြိမ်ထက်မနည်း ဝင်ရောက်စီးနင်းခံရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဆေးရုံတွေကို စစ်ကောင်စီက ၅၅ ကြိမ်ထက်မနည်း တပ်စွဲသိမ်းပိုက်တယ်လို့ ပြောပါတယ်။

ဒါကြောင့်လည်း အိမ်တိုင်ယာရောက် သွားရောက်ကုသပေးတဲ့ ဆရာဝန်တွေ မလုံခြုံတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တယောက်က ပြောပါတယ်။

“အခုကျတော့ တော်တော်လေးဆိုးသွားတယ်။ ဆရာဝန်တွေကတော့ လုံခြုံမှု မရတော့ဘူး။ အွန်လိုင်းကနေ ကုနေတာက ကိစ္စမရှိဘူး။ ကိုယ်ထိလက်ရောက် သွားကုပေးရမယ့် လူနာတွေက အသက်ဆုံးရှုံးမှု ပိုများသွားနိုင်တယ်။ ပိုပြီးသေတဲ့သူများနိုင်တယ်"

စစ်တပ်မှာပဲ သုံးဖို့ ရောဂါမကူးစက်အောင် ကာကွယ်တဲ့ ပစ္စည်းကိရိယာတွေ၊ အောက်ဆီဂျင်တွေ သိမ်းတဲ့အကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဖမ်းဝရမ်းတွေ ထုတ်တဲ့အတွက် ဆရာဝန်တွေ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ တိမ်းရှောင်နေရပြီး တချို့ဆိုရင် ဖမ်းဆီးချင်တဲ့သူကို မဖမ်းနိုင်တဲ့အတွက် မိသားစုဝင်တွေကို ဖမ်းဆီးသွားတဲ့ အမှုတွေရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဝင်ချိန်ဟာ စစ်အာဏာသိမ်းမှုလက်အောက် ကျရောက်နေပြီး အာဏာသိမ်းမှုကို ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တခြားဝန်ထမ်းတွေက CDM အနုနည်းနဲ့ ဆန့်ကျင်ဆန္ဒပြပြီး အလုပ်မဆင်းချိန်နဲ့ တိုက်ဆိုင်နေပြန်ပါတယ်။ဆရာဝန်တွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ စစ်ကောင်စီက ကြေညာတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးမှာ ပါဝင်ဆန္ဒပြခဲ့တဲ့ သူနာပြုများ။ (File Photo: RFA)

လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်းဟာ မြန်မာ့အရေး မပြတ်လေ့လာနေသူလည်း ဖြစ်ပြီး စေတနာ့ဝန်ထမ်း ကားမှန်တွေ ရိုက်ခွဲ၊ လူတွေကို ရိုက်နှက်ဖမ်းဆီးတဲ့အတွက် မပူးပေါင်းချင်ကြဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ တရားဝင်စာရင်းအရ covid-19 နဲ့ ပျှမ်းမျှ နေ့စဉ် လူ ၃၀၀ နီးပါး သေဆုံးတယ်လို့ ပြောပေမဲ့ ပိုးကူးခံရတာ ရှိ-မရှိ မစစ်နိုင်တာမို့ ဒီစာရင်းက လျှော့တွက်ထားလို့ ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်တွေက ယုံကြည်ကြပါတယ်။

နိုင်ငံတကာ သုတေသီတွေပြုစုတဲ့ WorldOMeter ဇယားမှာ မြန်မာဟာ ကမ္ဘာ့ ၆၅ နိုင်ငံမြောက်ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပြီး လူဦးရေ ၅၄ သန်းခွဲရှိတဲ့နိုင်ငံမှာ လူတစ်သန်းကို ငါးသောင်းကိုးထောင်ကျော်နှုန်းနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရတာ ရှိ-မရှိ စစ်ဆေးနိုင်တာမို့ စုစုပေါင်း လူ သုံးသန်း နှစ်သိန်းကျော်ကို စစ်ဆေးနိုင်တယ်လို့ ပြောပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ နာမကျန်းလူနာများကို သွေးပေါင်ချိန်တိုင်းတာပေးနေသော စေတနာ့ဝန်ထမ်းများ။ (Photo: AFP)

ကမ္ဘာမှာ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး လူဦးရေ သန်းတစ်ထောင်ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ လူတစ်သန်းကို သုံးသိန်းကျော်နှုန်းနဲ့ covid-19 ကူးစက်ခံရတာရှိ-မရှိစစ်ဆေးနိုင်လို့ လူ ၄၈၃ သန်းကျော်ကို စစ်ဆေးနိုင်ပါတယ်။

လေထဲက အလကားရတဲ့ အောက်ဆီဂျင်ဖြစ်ပေမယ့် ကိုဗစ်လူနာတွေအောက်ဆီဂျင်လိုတဲ့ အခါ မြန်မာနိုင်ငံမှာ လိုသလောက်မရနိုင်ဘဲ အသက်မဆုံးပါးသင့်ဘဲ ဆုံးရှုံးရသူတွေ များပါတယ်။

စစ်အာဏာသိမ်း ခြောက်လပြည့်တဲ့နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့မိန့်ခွန်းမှာ အောက်ဆီဂျင်ပြဿနာ ဆိုတာကလည်း Outbreak ဖြစ်တဲ့ နိုင်ငံတိုင်း မလွှဲမရှောင်သာကြုံတွေ့ရမယ့် အခက်အခဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့မှာလည်းပဲ အလူးအလဲ ရင်ဆိုင်နေကြရတာကို တွေ့ရှိရပါတယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org