မြန်မာနိုင်ငံသား နှစ်ယောက်အမှု ထွက်ဆိုချက်တွေ ကွဲလွဲနေဆဲ
ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲခံထား ရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့အမှုကို ကော့စမွေတရားရုံးမှာ မနေ့က ဒုတိယမြောက်နေ့အဖြစ် စစ်ဆေးခဲ့ရာမှာ တရားလိုပြ သက်သေတွေရဲ့ ထွက်ဆိုချက်တွေဟာ ကွဲလွဲနေဆဲဖြစ် တယ်လို့ မြန်မာသံရုံးကိုယ်စားပြု ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။
-
2015-07-10 -
-
-
ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့အမှုကို ကော့စမွေတရားရုံးမှာ မနေ့က ဒုတိယမြောက်နေ့အဖြစ် စစ်ဆေးခဲ့ ရာမှာ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေဟာ ကွဲလွဲနေဆဲဖြစ်တယ်လို့ မြန်မာသံရုံးကိုယ်စားပြု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
ထွက်ဆိုချက်တွေနဲ့ပတ်သက်ပြီး ဦးအောင်မျိုးသန့်က အခုလို သုံးသပ်ပြောဆိုပါတယ်။
"အမှုစစ်ရဲနဲ့ အမှုစစ်ဆရာဝန်နဲ့လည်း ကွဲလွဲချက်တွေရှိနေပါတယ်၊ နောက်တခါ သူတို့ ၄ ယောက်စလုံးရဲ့ ထွက်ဆိုချက်ကို ပေါင်းကြည့်မယ်ဆိုလို့ရှိရင်လည်း ဘယ်သူမှ ထင်သာမြင်သာအောင်ပြောနိုင်တာ မရှိပါဘူးခင်ဗျ၊ နောက်တခါ ဒီနေ့သက်သေဖြစ်တဲ့ အနှိပ်သည်မိန်းကလေးကလည်း ၃ ဦးကိုတွေ့တယ် ဘယ်သူတွေမှန်းသဲကွဲစွာမမြင်ရဘူး အမှောင်ကြီးလို့ ပြောပါတယ်၊ ကွဲလွဲတာတစ်ချက်ကိုပြောမယ်ဆိုရင် ရဲတွေက သေသွားတဲ့ ၂ နာရီကို လှမ်းကြည့်တဲ့အခါမှာ ရဲအတွေ့အကြုံအရ မုဒိန်းကျင့်ခံရတယ်ဆိုတဲ့ ပုံစံမျိုးပြောပါတယ်၊ ဒါပေမဲ့ အဲ့လိုပဲခန္ဒာကိုယ်စစ်ခဲ့တဲ့ ဆရာဝန်ကိုယ်တိုင်က ပြောတာက အဲ့လိုကြည့်ရုံနဲ့ မုဒိန်းကျင့်ခံရတယ် အကျင့်မခံရဘူးဆိုတာ ပြောလို့မရဘူးဆိုတဲ့ ဆရာဝန်စစ်ဆေးချက်ရှိပါတယ်၊ ဒီကိစ္စ ဆေးပညာပိုင်းဆိုင်ရာဖြစ်တာကို ဆရာဝန်ထွက်ချက်နဲ့ အမှုစစ်တဲ့ရဲထွက်ချက် ကွဲလွဲနေပါတယ်"
ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ DNA မျိုးဗီဇထပ်မံစစ်ဆေးခွင့်ကို တရားရုံးမှာ ပြန်လည်လျှောက်ထားခဲ့တာနဲ့ ပတ်သက်လို့လည်း မနေ့က အမှုစတင်မစစ်ဆေးခင်မှာ တရားသူကြီးက ငြင်းပယ်ခဲ့တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"သူတို့ပြောချင်တာကတော့ ရဲမှူးကြီးကို ပါလာတဲ့အမှုတွေမှာ DNA စစ်ခွင့်ပြုလိုက်ခဲ့ရင် နောက်ပိုင်းမှာ DNA ပါတဲ့အမှုတွေက ဒီလိုပဲတောင်းဆိုပြီးတော့ ပြန်စစ်ဖို့ပြောလာခဲ့ရင် တရားခံဖြစ်သွားမယ်လို့ သူတို့ငြင်းဆန်ခဲ့တာပါ၊ သူတို့ပြောတာကတော့ လောလောဆယ်မှာ အကျဉ်းဦးစီးဌာနနဲ့ပေါင်းပြီးတော့ စစ်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့လောက်ပဲပြောပါတယ်"
တရားလိုနဲ့ တရားလိုပြသက်သေ ၆၅ ယောက်ကို ဒီနေ့ ဇူလိုင် ၁ဝ ရက်နေ့အထိ စစ်ပြီးရင်၊ ဇူလိုင်၂၂ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာဖြစ်ပြီး၊ တရားခံနဲ့ တရားခံပြသက်သေတွေကိုတော့ သြဂုတ်လကုန်ပိုင်းမှာ စစ်ဆေးမယ်လို့သိရပါတယ်။
မြန်မာနိုင်ငံသားနှစ်ယောက်ရဲ့အမှုမှာ အဓိကကျတဲ့ မျိုးဗီဇထပ်မံစစ်ဆေးဖို့ တရားပြိုင်ဘက်က တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က သေဆုံးသူ အမျိုးသမီးရဲ့လက်ထဲမှာတွေ့ခဲ့ရတဲ့ ဆံပင်တွေလို၊ စီးကရက်တိုတွေပေါ် က ဇီဝဗေဒဆိုင်ရာ နမူနာတွေလို၊ အရေးကြီးတဲ့ မျိုးဗီဇ နမူနာတချို့ဟာ စစ်ဆေးစပ်သပ်ပြီးစီးသွားပြီဖြစ်သလို၊ တချို့လည်း ပြန်မရနိုင်တော့ဘူးလို့ ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဒါပေမဲ့ တရားပြိုင်ဘက်က ဦးဆောင်လိုက်ပါနေတဲ့ ရှေ့နေ နာခွန်က ပြောဆိုရာမှာတော့ အမှုမှာ လူသတ် လက်နက်အဖြစ် အသုံးပြုခဲ့တယ်ဆိုတဲ့ ဂေါ်ပြားကို ထပ်မံစစ်ဆေးနိုင်တယ်လို့ သိရကြောင်း၊ သက်ဆိုင်ရာဌာနကို ဆက်သွယ်စုံစမ်းကြည့်တဲ့အခါ အရေးပေါ်ကိစ္စအဖြစ် စမ်းသပ်ပေးရမယ်ဆိုရင် ၃ ရက်ကနေ ၇ ရက်အတွင်း စစ်ဆေးပေးနိုင်တယ်လို့ အကြောင်းပြန်ကြောင်း၊ ဒါကြောင့် ဂေါ်ပြားကို ထပ်မံစစ်ဆေးမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာလည်း မှုခင်းဆိုင်ရာ သဲလွန်စတွေကို ပြန်လည်စစ်ဆေးရေးနဲ့ ပတ်သက်ပြီး ကော့စမွေခရိုင်တရားရုံးက ဒီနေ့ အဆုံးအဖြတ်ပေးဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။