ကျောင်းသားနဲ့ ကူညီသူ ၇၂ ဦးကို ရုံးထုတ်၊ အသက်မပြည့်ကျောင်းသား တစ်ဦး လွတ်မြောက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်မှာ ပုဒ်မ ၅ခုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရ တဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ကူညီသူ စုစုပေါင်း ၇၂ ဦးအမှုကို သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ရဲမှူးကြီး ဖုန်းမြင့်ကို စစ်ဆေးခဲ့သလို အသက်မပြည့်သေးတဲ့ အထက်တန်းကျောင်းသားတစ်ဦးကို အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ဗကသ အထွေထွေအတွင်းရေးမှူးး မဖြိုးဖြိုးအောင်ကို မေလ ၁၂ ရက်နေ့က သာယာဝတီခရိုင်တရားရုံးမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

ပဲခူးတိုင်းဒေသကြီး  သာယာဝတီအကျဉ်းထောင်မှာ ပုဒ်မ ၅ခုနဲ့  ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  ကျောင်း သားကျောင်းသူတွေနဲ့ ကူညီသူ စုစုပေါင်း  ၇၂ ဦးအမှုကို  သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး  တရားလိုဖြစ်သူရဲမှူးကြီး  ဖုန်းမြင့်ကို စစ်ဆေးခဲ့သလို အသက်မပြည့်သေးတဲ့ အထက်တန်းကျောင်းသား တစ်ဦးကို  အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းကို ဖြိုခွဲရာမှာ ဥရောပ သမဂ္ဂက သင်ကြားပေးထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း တရားလိုဖြစ်သူ လက်ပံတန်းမြို့နယ် ရဲမှူးကြီးဖုန်းမြင့်က ထွက်ဆိုခဲ့ တယ်လို့ ကျောင်းသား ကျောင်းသူတွေရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ကျနော်တို့ ဒီနေ့တရားလိုရဲ့ ထွက်ဆိုချက်အပေါ်မှာ သုံးသပ်ပြောဆိုရမယ်ဆိုရင် တရားလိုဟာ သူကိုယ်တိုင် မှတ်တမ်းမှတ်ရာတွေကို ကောင်းကောင်းမသိပဲနဲ့ ရုံးမှာလာပြီး စာအုပ်ကြည့်ထွက်တဲ့အဆင့်ကို လုပ်ခဲ့တာပါ၊ စာအုပ်ကြည့်ထွက်တာကို ကျနော်တို့ ရှေ့နေတွေဖက် က ဝိုင်းကန့်ကွက်လိုက်တဲ့အခါကျတော့ စာအုပ်ကပြန်ပိတ်သွားတယ်၊ ဘာလို့လဲဆိုတော့ သက်သေခံအက်ဥပဒေ ပုဒ်မ ၁၆ဝ အရ နှုတ်သက်သေခံချက်ဆိုတာ တိုက်ရိုက်ပဲဖြစ်ရမယ်၊ ဒီလိုမှတ်တမ်းကြည့်ထွက်လို့ မရဘူးဆိုတာ ကျနော်တို့က ကန့်ကွက်ကြတဲ့အတွက် စာအုပ်ကိုပိတ်လိုက်ရပါတယ်၊ နောက်သူပြောတဲ့အချက်ထဲမှာ ထူးဆန်းတာက သူတို့ရဲ့ဆောင်ရွက်ချက်က အီးယူကသင်ပေးလိုက်တဲ့အတိုင်း ဆောင်ရွက်တာပါလို့ပြောတယ်"

ဖမ်းဆီးခံထားရသူတွေထဲက အဝေးသင်တက္ကသိုလ် တက်ရောက်နေသူ ၁၃ ဦးနဲ့ အသက်မပြည့်သေး တဲ့ ကျောင်းသား ၁ ဦးအတွက် အာမခံလျှောက်ထားရာမှာ အသက်မပြည့်သေးတဲ့ ကျောင်းသားကိုအောင်မင်းခိုင် တစ်ဦးတည်းကိုသာ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲ ပြီးနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ဥပဒေမဲ့လူစုလူဝေးမှာ ပါဝင်မှု စတဲ့ ပုဒ်မ ၅ခုနဲ့ ရဲမှူးကြီး ဖုန်းမြင့်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီကနေ့ ပြန်လည်လွတ်မြောက်လာတဲ့ မောင်အောင်မင်းခိုင်ကို မခက်မာက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org