တရားရုံးမှုခင်းဆိုင်ရာ လေ့လာ ဆန်းစစ်ရေးအဖွဲ့ကို မန္တလေးတိုင်း မှာ ဖွဲ့စည်းမည်
မန္တလေးတိုင်းဒေသကြီးမှာ တရားရုံး မှုခင်းဆိုင်ရာ လေ့လာဆန်းစစ်ရေးအဖွဲ့ကို အငြိမ်းစားဥပဒေအရာရှိတွေ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဖွဲ့စည်းပြီး တရားရုံးတွေကို ကြီးကြပ်သွားမယ်လို့ တိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောကြားခဲ့ပါတယ်။
-
2017-04-05 -
-
-
မန္တလေးတိုင်းဒေသကြီးမှာ တရားရုံးမှုခင်းဆိုင်ရာ လေ့လာဆန်းစစ်ရေးအဖွဲ့ကို အငြိမ်းစားဥပဒေအရာရှိတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပြီး တရားရုံးတွေကို ကြီးကြပ်သွားမယ်လို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောကြားခဲ့ပါတယ်။
ဒီနေ့ ကျင်းပတဲ့ မန္တလေးတိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် က အခုလိုပြောပါတယ်။
"ဝန်ကြီးချုပ်က တရားသူကြီးနဲ့ ပူးပေါင်းပြီးတော့ ဥပဒေဌာနက အငြိမ်းစားတစ်ဦး၊ နောက်တရားရေးရာက အငြိမ်းစားတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ နောက်အမျိုးသမီး စွမ်းဆောင်ရှင်ထဲကတစ်ဦး၊ နောက်ရပ်မိရပ်ဖထဲကတစ်ဦး ၉ ယောက်ပါတဲ့ အဖွဲ့အစည်းဖွဲ့တယ်လို့ပြောတယ်"
ပြီးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က ဦးတင်အောင် က မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ တရားရုံးတွေမှာ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အခုထက်ပိုမိုထိန်းကွပ်ကြပ်မတ်ပေးဖို့ အဆိုကို တင်ခဲ့ပါတယ်။ အဲဒီအဆိုကို လွှတ်တော်က အတည်ပြုခဲ့တဲ့အတွက် အဆိုနဲ့ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်ထားတဲ့ အခြေအနေကို ဝန်ကြီးချုပ်က ဒီနေ့ ကျင်းပတဲ့ မန္တလေးတိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ်တယ်။
အဲဒီအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို သက်မှတ်တဲ့အခါမှာလည်း တရားရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးက လွှမ်းမိုးမှုမရှိအောင် တာဝန်ဝတ္တရားတွေကို စီစဉ်ရေးဆွဲသွားမယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။