ရိုက်တာ သတင်းထောက်နှစ်ဦးကို စွဲချက်မတင်ဖို့ လျှောက်ထားချက် ပယ်ချခံရ


2018.04.11
reuters-reporters-apr11-622.jpg ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က ရုံးထုတ်လာသည်ကို တွေ့ရစဉ်
Photo: Htet Arkar/ RFA

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စွဲချက်မတင်ခင် လွှတ်ပေးဖို့ လျှောက်ထားချက်ကို ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ပယ်ချလိုက်ပါတယ်။

အင်းဒင်ရွာ လူသတ်မှုကို ဖော်ထုတ်ရေးသားသူတွေကို ထောင်ဒဏ် ၁၄ နှစ် ကျခံရနိုင်တဲ့ ပုဒ်မနဲ့ တရားစွဲဆို ခံထားတဲ့အပေါ် အစိုးရကို မေးခွန်းထုတ်ချင်တယ်လို့ ဒီနေ့ ရုံးထုတ်မှာ ကိုဝလုံးက ပြောပါတယ်။

“ဘယ်နေရာမှာ ကျနော်တို့ အသတ်ခံရမလဲဆိုတာတောင်မှ စိတ်ပူခဲ့ရတယ်ဆိုတဲ့ အနေအထား ရှိခဲ့တဲ့အတွက် ဒီနေရာမှာ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်မစိုးရိမ်ပါဘူး။ တစ်ခုဘဲ ကျနော် ဒီမိုကရေစီကို ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို မဖြစ်မနေ လွှတ်ပေးရမယ်ဆိုတာက အချိန် တန်ရင်တော့ ဖြစ်လာမယ်ဆိုတာ ကျနော်အပြည့်အဝ ယုံကြည်တယ်။ နောက်တစ်ခုက မနေ့က အင်းဒင် ကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရသတင်းထုတ်ပြန်ထားတာ ရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့သူတွေကိုကျတော့ ၁၀ နှစ်ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီသတင်းကို ဖော်ထုတ်ရေးသား တဲ့ ကျနော်တို့က ၁၄ နှစ်ကျခံရနိုင်တဲ့ အမှုနဲ့ ကျနော်တို့ စွဲချက်တင်ခံထားရတာပါ။ အစိုးရကို ကျနော်က မေးချင်ပါတယ်။ ဘယ်မှာလဲ အမှန်တရား၊ အမှန်တရားနဲ့ တရားမျှတမှု ဆိုတာ ဘယ်မှာလဲ။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဆိုတာ ဘယ်မှာလဲဆိုတာ ကျနော်ဒီနေရာကနေ ကျနော်မေးချင်ပါတယ်”

ဒီကနေ့ဟာ ကိုဝလုံးရဲ့ အသက် ၃၂ ပြည့်မွေးနေ့ဖြစ်တဲ့အတွက် မိသားစုဝင်တွေနဲ့ သတင်းမီဒီယာသမားတွေက ရုံးထုတ်မှာ မွေးနေ့ကိတ်မုန့် စီစဉ်ပေးခဲ့ပါတယ်။

အင်းဒင်ရွာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ ပါဝင်သူတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့ညက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ မိသားစုတွေနဲ့ သတင်းမီဒီယာသမားတွေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ကြောင့် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် တရားရုံးက ပယ်ချခဲ့တာကြောင့် တရားမျှတမှု မရှိတဲ့ တရားစီရင်ရေး ဖြစ်တယ်လို့ မှတ်ချက်ပြုပြောခဲ့ကြပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဧပြီလ ၂၀ ရက်နေ့ရုံးချိန်မှာ ထပ်မံ ရုံးထုတ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။